သံတမန်များအား အသံလက်နက်ဆန်းဖြင့် တိုက်ခိုက်မှုတွင် ကျူးဘားက နောက်ကွယ်က ပါဝင်နေဟု ထရမ့်စွပ်စွဲ

သံတမန်များအား အသံလက်နက်ဆန်းဖြင့် တိုက်ခိုက်မှုတွင် ကျူးဘားက နောက်ကွယ်က ပါဝင်နေဟု ထရမ့်စွပ်စွဲ

ဝါရှင်တန်ဒီစီ၊ အောက်တိုဘာ ၁၇ ။                ။ ကျူးဘားနိုင်ငံ ဟာဗားနားမြို့တော်က အမေရိကန်သံရုံးတွင် အလုပ်လုပ်နေသော သံဝန်ထမ်းပေါင်း ၂၂ ဦး ထိခိုက်ဒဏ်ရာရကာ သံတမန်ရေးရာ ပဋိပက္ခ ဖြစ်စေခဲ့သည့် အသံလက်နက်ဆန်းဖြင့် တိုက်ခိုက်မှုတွင် ကျူးဘားအစိုးရပါ နောက်ကွယ်က ပါဝင်နေသည်ဟု ယုံထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အောက်တိုဘာ ၁၆ ရက်တွင် ပြောဆိုလိုက်သည်။

“ကျူးဘားက ဒီတိုက်ခိုက်မှုမှာ လက်သည်ပါဝင်နေတယ်လို့ ကျွန်တော် ယုံတယ်။ ဒါကို ကျွန်တော် ယုံကို ယုံတယ်။ ဒါဟာ ခွဲထွက်တဲ့ တစ်မူထူးခြားတဲ့ တိုက်ခိုက်မှုပဲဆိုတာ ခင်ဗျားတို့ အသိဘဲ။ ဒါပေမယ့် ဒီတိုက်ခိုက်မှု လက်သည်မှာ ကျူးဘား ပါဝင်နေတယ်။”ဟု အိမ်ဖြူတော်တွင် ထရမ့်က သတင်းထောက်များအား ပြောသည်။

ဟာဗားနားတွင် အမေရိကန် သံဝန်ထမ်းများကို အသံလက်နက်ဆန်းဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခြင်းနှင့် ပတ်သက်ပြီး သမ္မတက နောက်ထပ်မှတ်ချက် ပြောဆိုခြင်း မရှိပေ။

နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ကျူးဘားအစိုးရကို အပြစ်ဆိုထားခြင်း မရှိဘဲ မည်သူတို့ တိုက်ခိုက်သည်ကို မသိကြောင်းနှင့် FBI က စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ပြောထားသည်။

 သို့သော် ကျူးဘားပိုင်နက်အတွင်း အလုပ်လုပ်သော အမေရိကန် သံတမန်ရေးရာ ဝန်ထမ်းများကို ဟာဗားနားက ကာကွယ်ရေးတွင် ပျက်ကွက်သည်ဟု ဝါရှင်တန်က စွပ်စွဲပြောဆိုသည်။

ကျူးဘားအစိုးရဖက်က ထိုတိုက်ခိုက်မှုကို ငြင်းဆန်ပြီး တိုက်ခိုက်မှုဖြစ်သည်ဟု သိသည်နှင့် တတ်နိုင်သမျှ စုံစမ်းစစ်ဆေးရေးများကို လုပ်ဆောင်နေခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

ထိုတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး အမေရိကန်တာဝန်ရှိသူများဖက်က ပူးပေါင်းဆောင်ရွက်မှု မရှိကြောင်း၊ အသံလက်နက်ဆန်းဖြင့် တိုက်ခိုက်မှု သက်သေများ ပေးအပ်ခြင်းလည်း မရှိကြောင်း စွဲဆိုပြောသည်။

ပြီးခဲ့သည့်နှစ်အတွင်း စတင်ဖြစ်ပွားနေခဲ့ဖွယ်ရှိသော အဆိုပါ အသံလှိုင်းလက်နက်ဖြင့် တိုက်ခိုက်ခံရခြင်းများကြောင့် အမေရိကန် သံဝန်ထမ်းများ ကျန်းမာရေး ထိခိုက်လာကာ နေရပ်ပြန်လာပြီး ကုသမှုများ လုပ်ဆောင်ခဲ့ရခြင်းအတွက် နှစ်နိုင်ငံကြား သံတမန်အရေး လိပ်ခဲတည်းလည်းဖြစ်စေသည်။

အဆိုပါ သံဝန်ထမ်းများသည် ကျူးဘားနိုင်ငံ ဟာဗားနားမြို့ ၎င်းတို့နေထိုင်ရာအဆောက်အအုံ အတွင်းအပြင် တစ်နေရာရာမှ အသံလှိုင်းကိရိယာလက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံရဖွယ်ရှိသည်ဟု အမည်မဖော်သော တာဝန်ရှိသူများက CNN နှင့် အခြားအမေရိကန်သတင်းဌာနများကို  ပြောထားသည်။

ထိုသို့ တိုက်ခိုက်ခံရသူများသည် နားထိုင်းခြင်း၊ ငိုက်မျဉ်းခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းလျခြင်းနှင့် အိပ်မပျော်ခြင်း ဝေဒနာများ ခံစားရသည်ဟု ဆိုသည်။

တစ်ချို့သောနိုင်ငံများသည် အသံလှိုင်း သို့မဟုတ် နှုန်းလွန်သံလှိုင်း လက်နက်များကို လူအုပ်အစုအဝေးများအား ထိန်းရန် သို့မဟုတ် ဥပမာအားဖြင့် ပင်လယ်ပြင် ပင်လယ်ဓားပြများအား သေစေနိုင်သော လက်နက်များ မသုံးဘဲ ဟန့်တားရန် ဖြန့်ကြက်ထားကြသည်။

သို့သော် ၎င်းလက်နက်များကို အင်အားပါသော ထောက်လှမ်းရေးလုပ်ငန်းများတွင် လည်းကောင်း၊ သံတမန်မစ်ရှင်များကို အကြမ်းဖက်ခြင်းများတွင်လည်းကောင်း အသုံးပြုသည့် ဖြစ်စဉ်မျိုး မရှိဘူးသေးပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required