ပေါ်တူဂီနှင့် စပိန်တွင် တောမီးလောင်ကျွမ်းမှုကြောင့် လူပေါင်း ၃၉ ထက်မနည်း သေဆုံး

ပေါ်တူဂီနှင့် စပိန်တွင် တောမီးလောင်ကျွမ်းမှုကြောင့် လူပေါင်း ၃၉ ထက်မနည်း သေဆုံး

 

အောက်တိုဘာ ၁၇ ။                ။ ပေါ်တူဂီနိုင်ငံ မြောက်ပိုင်းနဲ့ အလယ်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ တောမီးလောင်ကျွမ်းမှုတွေကြောင့် ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးသူဦးရေဟာ ၃၆ ဦးထက်မနည်း ရှိခဲ့ပြီဖြစ်ကြောင်း ကယ်ဆယ်ရေးသမားတွေက အောက်တိုဘာ ၁၆ ရက်က ပြောပါတယ်။ အလားတူ စပိန်နိုင်ငံမှာလည်း ရှို့မီးကြောင့် လောင်ကျွမ်းနေခဲ့တဲ့ တောမီးတွေအတွင်း သေဆုံးသူ သုံးဦး ရှိခဲ့ကြောင်း တာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။

ပေါ်တူဂီ အမျိုးသားအရပ်ဘက်ကာကွယ်စောင့်ရှောက်ရေးအေဂျင်စီက အတည်ပြုထုတ်ပြန်ခဲ့ရာမှာတော့ တောမီးလောင်ကျွမ်းမှုကြောင့် လသားအရွယ်ကလေးတစ်ဦးအပါအဝင် သေဆုံးသူ ၃၆ ဦးထိ ရှိနေပြီဆိုပြီး ထုတ်ပြန်ပါရှိပါတယ်။ ယင်းနိုင်ငံမှာ ပြီးခဲ့တဲ့လေးလလောက်တုန်းကလည်း နိုင်ငံသမိုင်းတစ်လျှောက် အဆိုးရွားဆုံးသော တောမီးကြီးတစ်ခု လောင်ကျွမ်းခဲ့မှုကြောင့် လူပေါင်း ၆၄ ဦးထိ သေဆုံးထားခဲ့ပြီးလည်း ဖြစ်ပါတယ်။

" ခုချိန်ထိကို လုံခြုံရေးတပ်ဖွဲ့တွေ မသွားရောက်နိုင်သေးတဲ့ နေရာတွေ ရှိနေပါသေးတယ်" ဆိုပြီး အေဂျင်စီ ပြောရေးဆိုခွင့်ရအမျိုးသမီး ပက်ထရစ်ရှာ ဂက်စ်ပါက ပြောသွားပါတယ်။

တောမီးလောင်ကျွမ်းမှု ဖြစ်စဉ်တွေအတွင်း ပျောက်ဆုံးသူ ခုနစ်ဦး ရှိနေကြောင်း၊ ဒဏ်ရာရရှိသူ ၆၃ ဦး ရှိနေခဲ့ရာမှာ ၎င်းအနက် ၁၆ ဦးက အခြေအနေ စိုးရိမ်နေရကြောင်း သူမက ထပ်လောင်းပြောကြားသွားပါသေးတယ်။

ယခုထက်ထိတော့ လောင်ကျွမ်းနေလျက်ရှိတဲ့တောမီးတွေကို မီးသတ်သမားတွေ ဝိုင်းဝန်းကြိုးပမ်းငြှိမ်းသတ်နေရလျက်ရှိပါတယ်။

ပေါ်တူဂီမှာ ၂၀၀၆ ခုနှစ်နောက်ပိုင်း တောမီးလောင်ကျွမ်းမှုဖြစ်စဉ်ပေါင်း ၅၂၄ ခုထိ ရှိထားခဲ့ပြီး ရာသီဥတု ပူပြင်းလွန်းမှု၊ မိုးခေါင်မှုတို့က တောမီးလောင်ကျွမ်းစေခြင်းရဲ့ နောက်ကွယ်က အကြောင်းအရင်းတွေ အဖြစ် ရှိနေခဲ့တယ်လို့ သိရပါတယ်။

စပိန်နိုင်ငံ ဂယ်လာစီယာ ဒေသမှာလည်း ယခုထက်ထိ တောမီးလောင်ကျွမ်းရာနေရာ ၁၅ နေရာထိ ရှိနေသေးတာကြောင့် ဒေသခံတွေနဲ့ ၎င်းတို့ရဲ့ နေအိမ်တွေအပေါ် ခြိမ်းခြောက်နေလျက်ရှိကြောင်း တာဝန်ရှိသူတွေက ထုတ်ပြန်သတိပေးထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required