စပါးတိုက်စစ်မှူး ဟယ်ရီကိန်းဟာ ‘ပြီးပြည့်စုံတဲ့ ကစားသမား’ တစ်ဦးပါ - ရီးယဲလ်နည်းပြ ဇီဒန်း

စပါးတိုက်စစ်မှူး ဟယ်ရီကိန်းဟာ ‘ပြီးပြည့်စုံတဲ့ ကစားသမား’ တစ်ဦးပါ - ရီးယဲလ်နည်းပြ ဇီဒန်း
(ဓာတ်ပုံ - အီးပီအေ)

စပါးအသင်း တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ‘ပြီးပြည့်စုံတဲ့ ကစားသမား’ တစ်ဦးဖြစ်တယ်လို့ ရီးယဲလ်နည်းပြ ဇီဒန်းက နှစ်ဖက်နှစ်သင်း အင်္ဂါနေ့ ချန်ပီယံလိဂ်အုပ်စုပွဲ မတွေ့ဆုံမီ မှတ်ချက်ပြုပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

ဟယ်ရီကိန်းဟာ ၂၀၁၇ ခုနှစ်အတွင်းမှာ ကလပ်နှင့် နိုင်ငံအသင်းအတွက် ၃၈ ပွဲပါဝင်ကစားရာမှာ ၄၃ ဂိုးအထိ သွင်းယူခဲ့ပါတယ်။

“သူဟာ ပြီးပြည့်စုံတဲ့ ကစားသမားဦးပါ။ အနာဂတ်ကာလမှာ ဘာတွေဖြစ်လာမယ်ဆိုတာကိုတော့ ကျနော် မသိပါဘူး။ ဒါပေမယ့် လက်ရှိမှာ အလွန်အရေးပါတဲ့ ကစားသမားဖြစ်သလို အဓိကကစားသမားတစ်ဦးဖြစ်လာအောင်လည်း သူလုပ်ဆောင်နေပါတယ်။”လို့ အသက် ၄၅ နှစ်ရှိ နည်းပြ ဇီဒန်းက ပြောပါတယ်။

ကိန်းဟာ ချန်ပီယံလိဂ် အဖွင့်ပွဲနှစ်ပွဲဖြစ်တဲ့ ဒေါ့မွန်နှင့် APOEL နီကိုးရှားအသင်းတို့ ရင်ဆိုင်ရာမှာ စပါးအတွက် ၅ ဂိုး သွင်းယူခဲ့ပြီး အသင်းကိုလည်း အုပ်စု H မှာ ရီးယဲလ်အသင်းနှင့် ရမှတ်တူ ၆ မှတ်ဖြင့် ဦးဆောင်အောင် ကူညီပေးခဲ့ပါတယ်။

“ဒါပေမယ့် စပါးအသင်းအနေနဲ့ ဟာရီကိန်းအပေါ်မှီခိုနေတာတော့ မဟုတ်ပါဘူး။ သူတို့ဟာ အလွန်ကောင်းမွန်တဲ့ အသင်းဖြစ်ပါတယ်။ ကျနော်တို့ ခက်ခဲတဲ့ပြိုင်ဘက်ကောင်းနဲ့ ရင်ဆိုင်ရမှာမို့ ပြင်ဆင်သွားမှာပါ။”လို့ နည်းပြ ဇီဒန်းက ဆိုပါတယ်။

ပြီးခဲ့တစ်ပတ်က ကိန်းဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားကို ပေးအပ်ချီးမြှင့်တဲ့ Ballon d'Or ဆုအတွက် ထုတ်ပြန်လိုက်တဲ့ ဆန်ခါတင် (၃၀)ဦး စာရင်းမှာ ပါဝင်ခဲ့ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required