အိုင်အက်စ်အဖွဲ့ရဲ့ အရှေ့တောင်အာရှဒေသဆိုင်ရာ ခေါင်းဆောင် သေဆုံးသွားပြီဟု ဖိလစ်ပိုင် အတည်ပြု

အိုင်အက်စ်အဖွဲ့ရဲ့ အရှေ့တောင်အာရှဒေသဆိုင်ရာ ခေါင်းဆောင် သေဆုံးသွားပြီဟု ဖိလစ်ပိုင် အတည်ပြု

 

အောက်တိုဘာ ၁၆ ။                     ။ အစ္စလမ္မစ်စစ်သွေးကြွတွေထိန်းချုပ်ထားတဲ့ မာရာဝီမြို့ ပြန်လည်သိမ်းယူရရှိရေး ထိုးစစ်ဆင်မှုအတွင်း အိုင်အက်စ်အုပ်စုရဲ့ အရှေ့တောင်အာရှဆိုင်ရာ အကြီးအကဲ ဖြစ်သူ သေဆုံးသွားခဲ့ကြောင်း ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

စစ်ဆင်ရေးအတွင်း သေဆုံးသွားခဲ့တဲ့ အရှေ့တောင်အာရှဒေသဆိုင်ရာ အိုင်အက်စ်ခေါင်းဆောင်ဖြစ်တဲ့ အစ္စနီလွန် ဟာပီလွန်ဟာ အမေရိကန် အလိုရှိနေတဲ့ အကြမ်းဖက်ခေါင်းဆောင်တစ်ဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။

အီရတ်နဲ့ ဆီရီးယားတို့မှာ တစ်ဖြည်းဖြည်းချင်း အင်အားဆုတ်ယုတ်လာနေတာနဲ့အမျှ အိုင်အက်စ်အကြမ်းဖက်အုပ်စုအနေနဲ့ အရှေ့တောင်အာရှဒေသမှာ ကာလီဖိတ်နိုင်ငံ ထူထောင်ဖို့ ကြိုးပမ်းနေခဲ့ပြီး ယင်းကြိုးပမ်းချက်မှာတော့ ယခု သေဆုံးသွားတဲ့ ဟာပီလွန်က အဓိက ဦးဆောင်မောင်းနှင်နေခဲ့သူဖြစ်တယ်လို့လည်း ဖိလစ်ပိုင် သမ္မတ ဒူတာတေးနဲ့ လုံခြုံရေးဆိုင်ရာ အကဲဖြတ်တွေက ပြောပါတယ်။

" အိုင်အက်စ် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဟာပီလွန်နဲ့ အခြားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အိုမာ မော်တီတို့ကို ကျွန်တော်တို့ရဲ့ တပ်ဖွဲ့တွေက သုတ်သင်ရှင်းလင်းလိုက်နိုင်ပါတယ်" ဆိုပြီး ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ဒယ်လ်ဖင် လော်ရန်ဇာနာက ပြောပါတယ်။

အရှေ့တောင်အာရှဒေသ အကြမ်းဖက်အုပ်စုရဲ့ ဦးဆောင်သူဖြစ်တဲ့ ဟာပီလွန်ကို ဖမ်းမိရေး သတင်းအချက်အလက်ပေးနိုင်သူကို ဆုငွေ ဒေါ်လာ ၅ သန်းပေးမည်ဆိုပြီး အမေရိကန်တို့ ထုတ်ပြန်ထားခဲ့တာဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required