Miss World 2017 ပြိုင်ပွဲ အတွက် အလှမယ် အိကျော့ခိုင် တရုတ်နိုင်ငံသို့ သွားရောက်မည်

Miss World 2017 ပြိုင်ပွဲ အတွက် အလှမယ် အိကျော့ခိုင် တရုတ်နိုင်ငံသို့ သွားရောက်မည်

 

ရန်ကုန် ၊ အောက်တိုဘာ ၁၆။              ။ တရုတ်နိုင်ငံ Sanya မြို့တွင် ကျင်းပပြုလုပ်မည့် Miss World 2017 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု အဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည့် Miss Myanmar World 2017 Winner အိကျော့ခိုင်သည် အောက်တိုဘာ ၂၀ ရက် တွင် တရုတ်နိုင်ငံသို့ သွားရောက်မည် ဖြစ်သည်။

Miss Myanmar World အလှမယ် ရွေးချယ်ပွဲကို ပထမဆုံး အကြိမ်အဖြစ် Forever BEC-Tero မှ ၂၀၁၄ ခုနှစ်မှ စတင်ကျင်းပ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ယခုအခါတွင် စတုတ္ထအကြိမ်မြောက်အဖြစ် ကျင်းပပြုလုပ်သည့် ပြိုင်ပွဲ တစ်ခုလည်း ဖြစ်သည်။

အလှမယ် အိကျော့ခိုင် သည် Miss Myanmar World 2017 ပြိုင်ပွဲတွင် ဆုရရှိပြီးသည့် နောက်ပိုင်း မှ စတင်ကာ ပြိုင်ပွဲနှင့်ပတ်သက်သည့် လိုအပ်ချက်များကို သင်ကြားမှုများ လုပ်ဆောင်ခဲ့ပြီး ဘန်ကောက် တွင်လည်း Personality Training နှင့် Table Manners  ကို လေ့ကျင့် သင်ယူထားသည်။

လက်ရှိတွင်လည်း Miss World 2017 ပြိုင်ပွဲ အတွက် လိုအပ်သည့် လေ့ကျင့်မှုများ ပြုလုပ်နေပြီး ထိုပြိုင်ပွဲတွင် Performance အနေဖြင့် အလှမယ် အိကျော့ခိုင်မှ ဦးရွှေရိုး ဒေါ်မိုး အကဖြင့် ယှဉ်ပြိုင်ရန်လည်း စီစဉ်ထားလျက် ရှိသည်။

တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် Miss World 2017 အလှမယ် ပြိုင်ပွဲ သည် ၆၇ ကြိမ်မြောက် ကျင်းပ ပြုလုပ်ခြင်း ဖြစ်ပြီး အလှမယ် အယောက် ၁၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် အလှမယ် ပြိုင်ပွဲ တစ်ခု လည်း ဖြစ်သည်။

Miss World 2017 အလှမယ် ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ကြသည့် အလှမယ် အယောက် ၁၀၀ ကျော် သည် ၎င်းတို့၏ နိုင်ငံအလှအပများ ၊ ယဉ်ကျေးမှုများ ၊ လိုအပ်ချက်များကို တစ်ကမ္ဘာလုံး သိရှိနိုင်ရန် ပရောဂျက်တစ်ခုအနေဖြင့် သယ်ဆောင်လာပြီး ထိုပရောဂျက်များထဲမှ တစ်ခုကို ရွေးချယ်ကာ နှစ်စဉ်နှစ်တိုင်း များ Miss World Organization မှ ပရဟိလုပ်ငန်းများကို သွားရောက် လုပ်ဆောင်လျက် ရှိသည်။

Miss World 2017 အလှမယ် ပြိုင်ပွဲကို တရုတ်နိုင်ငံ Sanya မြို့တွင် အောက်တိုဘာ ၂၀ရက်မှ နိုဝင်ဘာ ၁၈ရက်နေ့အထိ ကျင်းပပြုလုပ်မည် ဖြစ်ပြီး နောက်ဆုံးပြိုင်ပွဲကိုတော့ နိုဝင်ဘာ ၁၈ရက်တွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly