ငြိမ်းချမ်းရေးနှင့်ရခိုင်ပြည်နယ်အရေး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်၍ ဖြေရှင်းရန် KNU သဘောထားထုတ်ပြန်

ငြိမ်းချမ်းရေးနှင့်ရခိုင်ပြည်နယ်အရေး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်၍ ဖြေရှင်းရန် KNU သဘောထားထုတ်ပြန်
ဓာတ်ပုံ -မင်းမင်း

 

အောက်တိုဘာလ ၁၆ ရက်၊၂၀၁၇ ခုနှစ်။ ချင်းမိုင်(မဇ္ဈိမ)။          ။ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်း ပဋိပက္ခများကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဘောင် ပြင်ဆင်၍   ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က အောက်တိုဘာလ ၁၅ ရက်နေ့က ပြောဆိုလိုက်သည်။

အောက်တိုဘာလ ၁၅ ရက်နေ့က အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့တို့အကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးခဲ့သော ၂ နှစ်မြောက် အထိန်းအမှတ်အဖြစ် ထုတ်ပြန်သော ကြေညာချက်တွင် ထိုသို့ ထည့်သွင်းပြောဆိုလိုက်ခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံကို အုပ်ချုပ်မည့် မည်သည့် အစိုးရမဆို နှင့် တပ်မတော်သည် ကိုလိုနီစနစ်၏ ဆိုးမွေအဖြစ် ဖြေရှင်းရန် ကျန်ရှိနေသေးသည့် ပြဿနာများဖြစ်သည့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်း ပဋိပက္ခများကို ကိုယ်တွယ် ဖြေရှင်းရာတွင် ၂၀၀၈ ဖွဲ့စည်းပုံ ဘောင်အတွင်း အဖြေရှိမည် မဟုတ်ဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အောင်မြင်အောင် အကောင်အထည်ဖော်ပြီး ဖွဲ့စည်းပုံ ပြင်ဆင်ခြင်းဖြင့် သဟဇာတရှိသည့် လူ့ဘောင်သစ်ကို ဖန်တီးနိုင်မည်ဟု ယုံကြည်ပါသည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ရခိုင်ပြည်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော ပဋိပက္ခများကို ကိုယ်တွယ်သည့် အစိုးရနှင့် တပ်မတော်တို့၏ နည်းနာများသည် မိမိတို့ ပဏာမ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးသည့် ၂၀၁၂ ခုနှစ် မတိုင်မှီအထိ ကြုံတွေ့ရသည့် ဖြတ်လေးဖြတ် စီမံချက် စစ်ဆင်ရေးများကြောင့် ဒေသစွန့်ထွက်ပြေးခဲ့ရသည့် ပြည်တွင်း နေရပ်စွန့်ခွာ တိမ်းရှောင်သူ ၂ သိန်းကျော်နှင့် ထိုင်းနယ်စပ်ဒုက္ခသည် စခန်းများတွင် ခိုလှုံနေသူ ဒုက္ခသည် ၁ သိန်းခွဲအား ပြန်လည် အမှတ်ရစေသည်ဟု ထည့်သွင်း ဖော်ပြထားသည်။

KNU အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထေည်ဖော်နေစဉ် ထိုသို့ ကြုံတွေ့နေရသဖြင့် လွန်စွာ စိတ် မကောင်းဖြစ်ရပြီး ငြိမ်းချမ်းရေးလုပ်ငန်းအတွက်လည်း စိုးရိမ်မှု ဖြစ်ပေါ်နေစေသဖြင့် အစိုးရနှင့် တပ်မတော်တို့ အား အဆိုပါ ပြဿနာ ကိုယ်တွယ်ရာတွင် နိုင်ငံရေးအရ သိက္ခာရှိပြီး အကြမ်းမဖက်သည့် နည်းလမ်းများဖြင့် ဖြေရှင်းရန် တိုက်တွန်းထားည်။

အစိုးရနှင့် တပ်မတော်တို့မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်အောင်မြင်ရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးဆိုင်ရာ မူဝါဒဖြေလျော့မှုများ ပြုလုပ်န်ရန် လိုအပ်ကြောင်းနှင့် အဆိုပါ မူဝါဖြေလျော့်မှုများများအားဖြင့် NCA မထိုးသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လာရေးအတါက် အထောက်အကူ ပြုမည်စြဖ်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို ဖြစ်ထွန်းပေါ်ပေါက်စေမည်ဖြစ်ကြောင်း ထည့်သွင်း ပြောဆိုထားသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုး ခြင်း ၂ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်  ၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ ဒုသမ္မတ ဦးမြင့်ဆွေ၊ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ NCA စာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက် ကိုင် ၈ ဖွဲ့မှ ခေါင်းဆောင်များ၊ အစိုးရ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ကိုင်သူများနှင့် ဖိတ်ကြားခံထားရသူများ တက်ရောက်ခဲ့ကြသည်။

သို့သော် ယမန်နေ့ အောက်တိုဘာလ ၁၅ ရက်က NCA ၂ နှစ်ပြည့် အထိန်းအမှတ်အဖြစ် နိုင်ငံတော်အဆင့် အခမ်းအနားကို နေပြည်တော်ရှိ MICC-1 တွင် ကျင်းပခဲ့ရာ NCA လက်မှတ်ရေးမထိုးသေးသော အဖွဲ့အစည်းများအား ဖိတ်ကြားခဲ့သော်လည်း မတက်ရောက်ခဲ့ကြပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required