သြစတြီးယားရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဆီဘက်စတီယန်ကာ့ဇ် ကမ္ဘာ့အသက်အငယ်ဆုံး နိုင်ငံ့ခေါင်းဆောင်ဖြစ်လာမည်

သြစတြီးယားရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဆီဘက်စတီယန်ကာ့ဇ် ကမ္ဘာ့အသက်အငယ်ဆုံး နိုင်ငံ့ခေါင်းဆောင်ဖြစ်လာမည်

 

အောက်တိုဘာ ၁၆ ။                 ။ သြစတြီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အသက် ၃၁ နှစ်သာရှိသေးတဲ့ နိုင်ငံရေးသမား ဆီဘက်စတီယန် ကာ့ဇ် ဦးဆောင်တဲ့ ပါတီ အနိုင်ရရှိနေခဲ့ပြီဖြစ်တာကြောင့်  ယခုအခါ ယင်းနိုင်ငံမှာ ကမ္ဘာ့အသက်အငယ်ဆုံးသော နိုင်ငံ့ခေါင်းဆောင်ကို ရွေးကောက်တင်မြှောက်နိုင်တော့မည်ဖြစ်ကြောင်း သိရပါတယ်။

ရွေးကောက်ပွဲမှာ ကာ့ဇ်ဦးဆောင်တဲ့ ကွန်ဆာတေးဗစ် ပြည်သူ့ပါတီဟာ  မဲရလဒ် ရာခိုင်နှုန်း ၃၁ ဒသမ ၇ ရာခိုင်နှုန်းထိ ရရှိထားခဲ့ပြီး အစိုးရဖွဲ့စည်းဖို့ သတ်မှတ်မဲအရေအတွက် ပြည့်မီနိုင်ခြင်း မရှိပေမယ့် ညွန့်ပေါင်းအစိုးရဖွဲ့စည်းသွားဖို့ ရှိနေပြီဖြစ်ပါတယ်။

လက်ရှိ အချိန်မှာ မဲရလဒ်ပေါင်း ၉၀ ရာခိုင်နှုန်းကျော် ရေတွက်ပြီးစီးထားရာ ကာ့ဇ်ရဲ့ သြစတြီးယားပြည့်သူ့ပါတီက သက်တောင့်သက်သာ အနိုင်ရရှိထားခဲ့ပြီ ဖြစ်ပြီး ၎င်းပါတီနောက်မှာတော့ ဆိုရှယ် ဒီမိုကရက် ပါတီက မဲရာခိုင်နှုန်း ၂၆ ဒသမ ၉ ရာခိုင်နှုန်း၊ အမျိုးသားလွတ်မြောက်ရေးပါတီက ၂၆ ရာခိုင်နှုန်း အသီးသီး ရရှိထားခဲ့ပါတယ်။

အသက် ၃၁ နှစ်သာ ရှိသေးတဲ့  ကာ့ဇ်ဟာ ပြည်သူ့ပါတီကို ပြီးခဲ့တဲ့ မေလကတည်းက ဦးဆောင်နေခဲ့တာဖြစ်ပြီး လူဝင်မှုကြီးကြပ်မှုအပေါ် တင်းကျပ်သွားရေး၊ အခွန်အကောက် လျှော့ချဖြတ်တောက်ရေးတို့ကို ဟောပြောပြီး ထောက်ခံသူတွေကို ဆွဲဆောင်ထားနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

" ဒီနိုင်ငံမှာ ကြီးကျယ်တဲ့အပြောင်းအလဲတွေ ဖြစ်လာဖို့ ကျွန်တော်တိုက်ပွဲဝင်သွားမယ်လို့ ကတိပြုလိုပါတယ်၊ ခုချိန်ဟာ နိုင်ငံရေး စတိုင်သစ်တစ်ခု ထူထောင်ဖို့ ယဉ်ကျေးမှုအသစ်တစ်ရပ် ဖော်ဆောင်ဖို့ အချိန်ကျနေပါပြီ" ဆိုပြီး ကာ့ဇ်က ပြောသွားပါတယ်။

ကာ့ဇ်ရဲ့ ပါတီအနေဖြင့် ယခုရွေးကောက်ပွဲမှာ အစိုးရဖွဲ့ဖို့ သတ်မှတ်မဲအရေအတွက် အနည်းငယ်လိုအပ်နေသဖြင့် အခြားပါတီနှစ်ခုအနက် တစ်ခုနဲ့ ညွှန့်ပေါင်းအစိုးရဖွဲ့စည်းသွားမယ်လို့ မျှော်လင့်ရပြီး ကာ့ဇ်မှာလည်း သြစတြီးယားအစိုးရအဖွဲ့ရဲ့ အဓိပတိ ဖြစ်လာဖို့ ရှိနေပြီ ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required