ဒုက္ခသည်များအား ပြန်လက်မခံရန် ရခိုင်ရှိ မြို့နယ် ၁၇ ခုတွင် ဆန္ဒပြတောင်းဆိုမည်

ဒုက္ခသည်များအား ပြန်လက်မခံရန် ရခိုင်ရှိ မြို့နယ် ၁၇ ခုတွင် ဆန္ဒပြတောင်းဆိုမည်
ဓာတ်ပုံ - ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ ထွက်ပြေးလာကြသည့် ရခိုင်မြောက်ပိုင်းက ဘင်္ဂါလီများ (UNHCR/Adam Dean)

 

စစ်တွေ၊ အောက်တိုဘာ ၁၆ ရက်။                             ။ ရခိုင်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင် နေကြရသည့် ဒုက္ခသည် မူဆလင်များအား ပြန်လည် လက်မခံလိုကြောင်း မြို့နယ် (၁၇) ခုတွင် တပြိုင်နက် ဆန္ဒဖော်ထုတ် သွားမည်ဟု ရခိုင်အနောက်တံခါး ကူညီစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဌေးက ပြောသည်။

“ ဘင်္ဂါလီတွေကို ရခိုင်ပြည်သူလူထုအနေနဲ့က လက်မခံဘူးဆိုတဲ့ အချက်ကို တောင်းဆိုသွားပါမယ်။ ဒါပေမယ့် အစိုးရအနေနဲ့ကတော့ လက်ခံမယ်။ နေရာချထားမယ်။ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ထားတာကို တွေ့တယ်။ ဒါပေမယ့် ထွက်ပြေးသွားတဲ့ ဘင်္ဂါလီတွေကို ရခိုင်လူထုအနေနဲ့ လုံးဝလက်မခံသင့် ကြောင်း တောင်းဆိုသွားမှာဖြစ်ပါတယ်။”ဟု ရခိုင်အနောက်တံခါး ကူညီစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဌေးက ပြောသည်။

အဆိုပါ ဆန္ဒဖော်ထုတ်မှုအား အောက်တိုဘာလ ၂၂ ရက်နေ့တွင် ရခိုင်ပြည်နယ်ရှိ မြို့နယ် (၁၇) ခု၌ တပြိုင်နက် ပြုလုပ်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

သြဂုတ်လ ၂၅ ရက်နေ့တွင် ရခိုင်မြောက်ပိုင်းရှိ နယ်ခြားစောင့်ရဲကင်းစခန်းပေါင်း ၃၀ ကျော်ကို အာဆာ (ARSA) အကြမ်းဖက်အဖွဲ့က တိုက်ခိုက်ခဲ့ပြီး တပ်မတော်က နယ်မြေရှင်းလင်းရေးများ တုံ့ပြန်ဆောင်ရွက်စဉ် အတော အတွင်း ဒုက္ခသည် ၅ သိန်းခန့်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု UN မှ ထုတ်ပြန်ထား သည်။

အဆိုပါ ဒုက္ခသည်များအား ပြန်လည် လက်ခံနိုင်ရေး ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ နှစ်ဖက်အစိုးရကိုယ်စားလှယ်များ ပါဝင်သည့် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းနိုင်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက သတင်းမီဒီယာများသို့ ပြောကြားထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required