တစ်နေ့ ၁၈ နာရီခန့် အလုပ်လုပ်ရကြောင်း ချယ်လ်ဆီးနည်းပြ ကွန်တီဖွင့်ဟ

တစ်နေ့ ၁၈ နာရီခန့် အလုပ်လုပ်ရကြောင်း ချယ်လ်ဆီးနည်းပြ ကွန်တီဖွင့်ဟ

 

အောက်တိုဘာ ၁၆၊ အင်္ဂလန် ။            ။ ချယ်လ်ဆီးနည်းပြကွန်တီက တစ်နေ့လျှင် ၁၈ နာရီအလုပ်လုပ်ရကြောင်းနှင့် ဘောလုံးကို ချစ်မြတ်နိုးသလို မုန်းတီးကြောင်းလည်း ဖွင့်ဟပြောဆိုလိုက်သည်။

မိမိ၏ကိုယ်ပိုင်ဘ၀ ဆုံးရှုံးရသည့်အတွက် ဘောလုံးကို တစ်ခါတစ်ရံမုန်းတီးမိသော်လည်း ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံး အားကစားနည်းနှင့် တစ်ရက်မှပင် ကွင်းကွာ၍ မနေနိုင်ကြောင်းလည်း ကွန်တီက ဆိုသည်။

“အသက် ၁၄ နှစ်ကတည်းက နည်းပြလုပ်ခဲ့ပြီး ဘောလုံးနည်းပြလုပ်ရတာကို အမြဲပဲ ကြိုက်နှစ်သက်ခဲ့တာပါ။ ဒီအလုပ်ကို အမြဲလုပ်ချင်တယ်လို့ ခံစားရပါတယ်။ ဒါက ကျွန်တော့်ဘဝပါပဲ။ ဒါပေမယ့် တစ်ခါတစ်ရံမှာ ဒီအလုပ်ကို မုန်းမိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ပိုင်ဘဝကို ဆုံးရှုံးရလို့ပါ” ဟု ကွန်တီက ဆိုသည်။

ထို့အပြင် ကွန်တီက ဘောလုံးနည်းပြအလုပ်ကို လုပ်လိုပါက ဘဝတစ်ခုလုံးပေးပြီးလုပ်လျှင် အောင်မြင်သည့် နည်းပြကောင်းတစ်ဦး ဖြစ်လာလိမ့်မည်ဟု ဆိုသည်။

“ဘဝတစ်ခုလုံးပေးထားရတာကြောင့်ပဲ တစ်ခါတစ်ရံမှာ ဒီအလုပ်ကို မုန်းတာပါ။ တစ်နေ့မှာ ၁၈ နာရီလောက် ကျွန်တော်အလုပ်လုပ်ရတယ် ထင်ပါတယ်။ ဘောလုံးကို ကျွန်တော် ချစ်လည်းချစ်သလို မုန်းလည်းမုန်းပါတယ်” ဟု ကွန်တီက ဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly