ဆိုမာလီယာကားဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူအရေအတွက် ၂၇၀ ကျော်အထိမြင့်တက်

ဆိုမာလီယာကားဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူအရေအတွက် ၂၇၀ ကျော်အထိမြင့်တက်

 

မိုဂါဒစ်ရှု၊ ဆိုမာလီယာ၊ အောက်တိုဘာ ၁၆ ။             ။ ဆိုမာလီယာနိုင်ငံမြို့တော် မိုဂါဒစ်ရှုမြို့ရှိ လူစည်ကားရာအရပ်၌ စနေနေ့ကဖြစ်ပွားခဲ့သည့် ပြင်းထန်သော ကားဗုံးပေါက်ကွဲမှုကြောင့်   သေဆုံးသူအရေအတွက် ၂၇၀ ကျော်အထိမြင့်တက်လာပြီး လူပေါင်း ၃၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဆိုမာလီယာရဲတပ်ဖွဲ့က တနင်္ဂနွေနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

“ဒဏ်ရာရရှိသူတွေကို ဆေးရုံအသီးသီးသို့ပို့ဆောင်ထားတာကြောင့် အသေအပျောက်စာရင်းထုတ်ပြန်မှုက တစ်ခုနဲ့တစ်ခု မတူညီသေးပါဘူး။ ဒါပေမယ့် အခုအချိန်ထိ သေဆုံးသူအရေအတွက် ၂၇၀ ကျော်ခန့် မြင့်တက် လာတယ်လို့ အတည်ပြုနိုင်ပါတယ်” ဟု ဆိုမာလီယာရဲတပ်ဖွဲ့မှ ရဲအရာရှိအီဘရာဟမ်မိုဟာမက်က ဆိုခဲ့သည်။

“ဒဏ်ရာရရှိသူ ၃၀၀ ကျော်ထဲက အချို့ဟာ ဒဏ်ရာပြင်းထန်စွာရရှိထားတာကြောင့် သေဆုံးသူအရေအတွက် ထပ်မံမြင့်တက်လာနိုင်ပါသေးတယ်” ဟု သူက ဆက်ပြောခဲ့သည်။

ကားဗုံးပေါက်ကွဲမှုသည် ပြီးခဲ့သောစနေနေ့ နေ့လယ်ပိုင်းက မိုဂါဒစ်ရှုမြို့ရှိ လူစည်ကားရာလမ်းဆုံတစ်ခု၌ ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုပြင်းထန်သောကြောင့် အဆောက်အဦးများပြိုကျခဲ့သလို ယာဉ်အများအပြား လည်း မီးလောင်ပျက်စီးခဲ့သည်။

ယခုဖြစ်စဉ်သည် ဆိုမာလီယာသမိုင်း၌ ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုများထဲမှ အဆိုးရွားဆုံးတစ်ခုဖြစ်ကြောင်း အာဏာပိုင်များက ပြောခဲ့သည်။

“ဒီပေါက်ကွဲမှုဟာ လူအသေအပျောက်အများဆုံး ဖြစ်ရပ်တစ်ခုပါပဲ။ သေဆုံးသူအရေအတွက်ကို ဘာကြောင့် တိတိကျကျမပြောနိုင်သေးလဲဆိုတော့ အလောင်းတွေကို ဆေးရုံအသီးသီးသို့ ပို့ဆောင်ခဲ့လို့ပါ။ အချို့အလောင်း တွေကိုလည်း သူတို့ရဲ့ဆွေမျိုးတွေကိုယ်တိုင် လာရောက်ကောက်ယူသွားခဲ့လို့ တိတိကျကျမပြောနိုင်သေးတာပါ” ဟု အီဘရာဟမ်မိုဟာမက်က ပြောခဲ့သည်။

ထိုကားဗုံးဖောက်ခွဲမှုနှင့်ပက်သက်၍ မည်သည့်အဖွဲ့ကမှ ၎င်းတို့၏လက်ချက်ဟု ထုတ်ဖော်ပြောကြားခြင်း မရှိသေးသော်လည်း အယ်လ်ကေးဒါးအဖွဲ့နှင့် အချိတ်အဆက်ရှိသည့် ရှာဘတ်အကြမ်းဖက်အဖွဲ့သည် မိုဂါဒစ်ရှု မြို့၌ အသေခံဗုံးဖောက်ခွဲမှုများကို မကြာခဏကျူးလွန်လေ့ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly