စိတ်ကျရောဂါခံစားရသူများတွင် တွေ့ရလေ့ရှိသည့် လက္ခဏာများ

စိတ်ကျရောဂါခံစားရသူများတွင် တွေ့ရလေ့ရှိသည့် လက္ခဏာများ

ရေးသားသူ Dr . Phyu Mon Latt 
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. K Zin Thwe. 

စိတ်ညစ်ညူးရခြင်းသည် ဘဝတွင် ဖြစ်လေ့ဖြစ်ထရှိသော လက္ခဏာတစ်ခုပင်ဖြစ်သည်။ လူရယ်လို့ ဖြစ်လာလျှင် ခံစားချက်များနှင့်ပတ်သက်၍ အားနည်းချက်များ ရှိစမြဲပင်ဖြစ်သည်။ အလုပ်တွင် မအောင်မြင်၍ သို့မဟုတ် ချစ်သူရည်းစားနှင့် အဆင်မပြေဖြစ်၍ စိတ်ဓာတ်ကျဆင်းခြင်းသည် သင့်မှာ စိတ်ကျရောဂါ ဖြစ်ပွားနေပြီဟု မဆိုလိုပါ။ သို့သော် သင့်ဘဝအား အနှောင့်အယှက်ပေးလာသည်အထိ လွန်ကဲသော စိုးရိမ်ကြောင့်ကြမှုနှင့် ဝမ်းနည်းစိတ်ထိခိုက်ရခြင်းများ ခံစားနေရပြီဆိုလျှင်တော့ ဆေးပညာရှင်များထံတွင် အကူအညီတောင်းခံသင့်ပြီဖြစ်သည်။

(၁) စိတ်ကျရောဂါခံစားရသူများထံတွင် တွေ့ရလေ့ရှိသည့် လက္ခဏာများ

စိတ်ကျန်းမာရေးတက္ကသိုလ်မှ စိတ်ကျရောဂါခံစားရသူများ၏ လက္ခဏာများကိုအောက်ပါကဲ့သို့ ဖော်ပြထားသည်။

  • အာရုံစူးစိုက်၍ မရခြင်း
  • သတိမေ့လျော့တတ်ခြင်း
  • ဆုံးဖြတ်ရခက်ခဲခြင်း
  • မိမိကိုယ်ကို အပြစ်တင်ခြင်း
  • မိမိကိုယ်ကို စိတ်ပျက်ခြင်း
  • ကူကယ်ရာမဲ့ ခံစားရခြင်း
  • အဆိုးမြင်ခြင်း
  • အိပ်ချိန်ပုံမှန်မဟုတ်ခြင်း (အလွန်အကျွံအိပ်စက်ခြင်း သို့မဟုတ် အိပ်မပျော်ခြင်း)
  • ဂနာမငြိမ်ဖြစ်ခြင်း
  • မည်သည့်အရာကိုမျှ စိတ်ဝင်စားမှုမရှိခြင်း (လိင်ဆက်ဆံခြင်းအပါအဝင်)
  • အစားအသောက်ပုံစံ ပြောင်းလဲလာခြင်း (အစာစားချင်စိတ်တိုးလာခြင်း သို့မဟုတ် လျော့ကျသွားခြင်း)
  • ဆေးဝါးဖြင့် မသက်သာသည့် ခန္ဓာကိုယ်ပိုင်းဆိုင်ရာနာကျင်ခြင်း
  • အထီးကျန်သည်ဟု ခံစားရခြင်း
  • မိမိကိုယ်ကိုသတ်သေမည့်အတွေးများတွေးခြင်း၊ သတ်သေရန် ကြိုးစားအားထုတ်ခြင်း

(၂) စိတ်ကျခြင်းကြောင့် မိမိကိုယ်ကိုသတ်သေလိုသည့် လက္ခဏာများ

စိတ်ကျခြင်းသည် မိမိကိုယ်ကိုသတ်သေခြင်း၏ အဓိကအကြောင်းအရင်းဖြစ်သည်။ မိမိကိုယ်ကိုသတ်သေချင်စိတ်ပေါ်လာလျှင် လေးလေးနက်နက် တိုင်ပင်ဆွေးနွေးသင့်သည်။ စိတ်ကျခြင်းကြောင့် မိမိကိုယ်ကိုသတ်သေခြင်း၏ နှိုးဆော်ချက်လက္ခဏာများမှာ

  • ပျော်ရွှင်နေရာမှ ရုတ်တရက်ဝမ်းနည်းသွားခြင်း
  • သေခြင်းတရားအကြောင်းမပြတ် ပြောဆိုနေခြင်း
  • သေဆုံးရန် ရာခိုင်နှုန်းများသောအရာများကို စမ်းသပ်ခြင်း
  • မည်သည့်အရာကိုမှ စိတ်ဝင်စား၍ မရခြင်း
  • မျှော်လင့်ချက်မဲ့ကြောင်း ပြောဆိုခြင်း
  • မပြီးဆုံးသေးသော ကိစ္စများကို အဆုံးသတ်ခြင်း၊ သေတမ်းစာရေးခြင်း
  • ချစ်ခင်ရသူများထံ ဆက်သွယ်ခြင်း
  • မိမိကိုယ်ကိုသတ်သေမည့်အကြောင်း ပြောဆိုခြင်း

၃) ရောဂါလက္ခဏာများအား မည်သို့ ရှာဖွေဖော်ထုတ်မည်နည်း

ရောဂါလက္ခဏာများအား ရှာဖွေဖော်ထုတ်နိုင်ရန်အတွက် သင့်ဆရာဝန်သည် သင့်ရောဂါရာဇဝင်နှင့်ပတ်သက်သော အကြောင်းအားလုံး၊ ကျန်းမာရေးစောင့်ကြည့်စစ်ဆေးများအားလုံးကို လိုအပ်သည်။ အဘယ့်ကြောင့်ဆိုသော် စိတ်ကျခြင်းလက္ခဏာများဖြစ်စေသော ရောဂါအကြောင်းရင်းများစွာရှိသောကြောင့်ဖြစ်သည်။ သင့်ဆရာဝန်အား သင်ရောဂါလက္ခဏာများအား စတင်ခံစားရချိန်၊ ကြာမြင့်ချိန်၊ ပြင်းထန်မှုအစရှိသည်တို့အားပြောပြရန်လိုအပ်သည်။ မိသားစုရောဂါရာဇဝင်သည်လည်းအရေးပါသည်ဖြစ်သည်။ မိသားစုထဲတွင် စိတ်ကျရောဂါရာဇဝင်ရှိသူများ (သို့) မူးယစ်ဆေးအလွဲသုံးသူများတွင် စိတ်ကျရောဂါပို၍အဖြစ်များသည်။

၄) ရောဂါလက္ခဏာများအား မည်သို့ ကုသမည်နည်း

အကယ်၍ သင့်ရောဂါလက္ခဏာများက အခြားရောဂါတစ်ခုခုမှ အရင်းခံလာလျှင် ထိုရောဂါအား ရင်ဆိုင်ကုသခြင်းဖြင့် စိတ်ကျရောဂါအား ကာကွယ်နိုင်သည်။ သို့သော် အခြားကြောင်းအရင်းကြောင့် မဟုတ်ဘူးဆိုရင်တော့ သင့်ဆရာဝန်မှ သင့်အားအကောင်းဆုံးကုသမှု ခံယူနိုင်ရန် ကျွမ်းကျင်သူ စိတ်ရောဂါအထူးကုဆရာဝန်တစ်ဦးဦးထံသို့ လွှဲပြောင်းပေးလိမ့်မည်ဖြစ်သည်။ စိတ်ကုထုံးဖြင့်ကုသခြင်း(သို့)ဆေးဝါးသောက်သုံးခြင်း(သို့)နှစ်မျိုးလုံးဖြင့်လည်း ကုသနိုင်သည်။

မကုသဘဲထားပါက စိတ်ကျရောဂါသည် အချိန်ကြာမြင့်လာသည်နှင့်အမျှ ပို၍ဆိုးဝါးလာနိုင်ပြီး မိမိကိုယ်ကိုသတ်သေခြင်းအထိ ဖြစ်ပွားနိုင်သည်။ စောစီးစွာ ကုသမှုခံယူနိုင်ရန်အတွက် စိတ်ကျရောဂါလက္ခဏာများကို သတိပြုနိုင်ရန် အရေးကြီးသည်။ စည်းစနစ်ကျသော ဆေးဝါးများနှင့် ရောဂါကုထုံးများဖြင့် ကုသပါကပျော်ရွှင်သော ဘဝအတွက် ယုံကြည်မှုနှင့် တက်ကြွမှုတို့ကို ပြန်လည်ရရှိနိုင်မည်ဖြစ်သည်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly