ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်းရဲ့ ဝက်ဘ်ဆိုက် စတင် လွှင့်တင်

ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်းရဲ့ ဝက်ဘ်ဆိုက် စတင် လွှင့်တင်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်မယ့် ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်း(Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine-UEHRD) ရဲ့ အင်တာနက် စာမျက်နှာ ဝက်ဘ်ဆိုက်ကို အောက်တိုဘာ ၁၅ ရက်နေ့က စတင် လွှင့်တင်လိုက်တယ်လို့ သိရပါတယ်။

အင်တာနက် လိပ်စာမှာ http://rakhine.unionenterprise.org/ ဖြစ်ပြီး Donation ပြုလုပ်လိုသူများ ဆက်သွယ်လှူဒါန်းနိုင်မယ့် ဘဏ်စာရင်းများကိုလည်း ဖော်ပြထားပါတယ်။

ဤစီမံကိန်းအနေဖြင့် ရခိုင်ပြည်နယ်အတွက် အောက်ဖော်ပြပါ အဓိက လုပ်ငန်းစဉ်ကြီး (၃) ခုဖြစ်တဲ့ လုပ်ငန်းစဉ် (၁) လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ထိထိရောက်ရောက် ပေးအပ်ရေးနှင့် ဒုက္ခသည်များ ပြန်လည်လက်ခံရေး။ လုပ်ငန်းစဉ် (၂) ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး။ လုပ်ငန်းစဉ် (၃) ဒေသဖွံ့ဖြိုးရေးနှင့် ရေရှည် ပဋိပက္ခကင်းဝေးရေး တို့ကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine) မှာ နိုင်ငံတော်အစိုးရနှင့်အတူ ပြည်တွင်း/ပြည်ပနိုင်ငံ အဖွဲ့အစည်းစုံ ပါဝင်နိုင်မှု၊ ကဏ္ဍစုံ/အလွှာစုံပါဝင်နိုင်မှု၊ လုပ်ငန်းမျိုးစုံ ဆောင်ရွက်နိုင်မှုတို့အတွက် ရည်ရွယ်ပြီး ဖွဲ့စည်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဤစီမံကိန်းတွင် ပြည်သူပြည်သားများ၊ ပြည်တွင်း NGO များနှင့် CSO များ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများ ပူးပေါင်းပါဝင်ကြရန် မေတ္တာရပ်ခံထားပြီး ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ပံ့ပိုးကူညီပေးရန် ကမ်းလှမ်းထားတဲ့ နိုင်ငံများ၊ ကုလသမဂ္ဂအေဂျင်စီများ၊ World Bank နှင့် ADB ကဲ့သို့သော ဘဏ္ဍာရေးအဖွဲ့အစည်းများ၊ Nippon Foundation ကဲ့သို့သော INGO အဖွဲ့အစည်းများနှင့် မိတ်ဆွေနိုင်ငံများ ပါဝင်ကြရန်လည်း ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။

Source: MOI

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required