မလေးရှားထိန်းသိမ်းရေးစခန်းမှ မြန်မာ ၂၉ ဦးကို တစ်ပတ်အတွင်း ပြန်ခေါ်မည်

မလေးရှားထိန်းသိမ်းရေးစခန်းမှ မြန်မာ ၂၉ ဦးကို တစ်ပတ်အတွင်း ပြန်ခေါ်မည်
ဓာတ်ပုံ ကွာလာလမ်ပူမြို့၊ မြန်မာသံရုံး

ရန်ကုန်၊အောက်တိုဘာလ ၁၅ ။            ။ မလေးရှားနိုင်ငံရှိ ကွာလာလမ်ပူမြို့မှ Melaka ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသား(၂၉)ဦးအား လာမည့်တစ်ပတ်အတွင်း မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်သွားမည်ဖြစ်ကြောင်း ကွာလာလန်ပူမြို့ရှိ မလေးရှားနိုင်ငံဆိုင်ရာမြန်မာသံရုံးမှ ယနေ့အောက်တိုဘာ ၁၅ ရက်၌ ထုတ်ပြန်သည်။

ကွာလာလမ်ပူမြို့ရှိ Melaka လူဝင်မှုကြီးကြပ်ရေးနှင့် ထိန်းသိမ်းရေးစခန်းတွင် အောက်တိုဘာလ ၁၁ ရက်နေ့၌ မြန်မာနိုင်ငံသားဟုဆိုသူ အမျိုးသား(၂၆) ဦးနှင့် အမျိုးသမီး (၃) ဦး စုစုပေါင်း (၂၉)ဦးကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှာ တာဝန်ရှိသူများက တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံသား ဟုတ်/ မဟုတ် အချက်အလက်များကို မေးမြန်းခဲ့ကြသည်။

ထို(၂၉)ဦးသည် မြန်မာနိုင်ငံသားများဖြစ်သည်ကို စစ်ဆေးတွေ့ရပြီး ၎င်းတို့က မြန်မာနိုင်ငံသို့ ပြန်လိုကြောင်း ပြောဆိုခဲ့၍ မြန်မာသံရုံးမှအမြန်ဆုံး ပြန်လည် ထွက်ခွာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်ဟု သိရသည်။

အဆိုပါ ၂၉ ဦးတွင် ဗမာလူမျိုး၊ ဗုဒ္ဓဘာသာဝင် (၆) ဦး၊ ဗမာလူမျိုး၊ အစ္စလာမ်ဘာသာဝင် (၂) ဦး၊ ဘင်္ဂလီ၊ အစ္စလာမ်ဘာသာဝင် (၁) ဦး၊ ချင်းလူမျိုး၊ ခရစ်ယာန်ဘာသာဝင် (၇)ဦး၊ ရခိုင်လူမျိုး၊ ဗုဒ္ဓဘာသာဝင် (၄)ဦး၊ မွန်လူမျိုး၊ ဗုဒ္ဓဘာသာ (၁) ဦး၊ ကချင်လူမျိုး၊ ခရစ်ယာန်ဘာသာဝင် (၁) ဦး၊ ဟိန္ဒူ ၊ ဗုဒ္ဓဘာသာ (၂) ဦး၊ ပလောင်လူမျိုး၊ ဗုဒ္ဓဘာသာ (၁)ဦး နှင့် ထားဝယ်၊ ဗုဒ္ဓဘာသာ (၄)ဦး တို့ပါဝင်ကြောင်း စီစစ်တွေ့ရှိခဲ့ရသည်။

မြန်မာသံရုံးမှ စနစ်တကျ စိစစ်ပြီးနောက် အချက် အလက်ပြည်‌့စုံစွာ မတင်ပြနိုင်သဖြင့်၊ လတ်တလောတွင်  နိုင်ငံသားမှန်ကန်ကြောင်း စိစစ်နိုင်ခြင်းမရှိသေးသူများရှိပါက မြန်မာနိုင်ငံသို့ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဆက်သွယ်ညှိနှိုင်း၍ အတည်ပြုချက် ရရှိရေး စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်သည်ဟု ကြေညာထားသည်။

ထို့အပြင် ယခုနှစ်၂၀၁၇ခုနှစ်အတွင်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ထိန်းသိမ်းရေး စခန်းများဖြစ်သည့် Langkapမှ မြန်မာနိုင်ငံသား(၁၂၁)ဦး၊ KLIAမှ (၈၉)ဦး၊ Melakaစခန်းမှ (၁၄၅)ဦး၊ Juru campစခန်းမှ (၁၀၈)ဦး၊ Lenggengမှ (၇၃)ဦး၊ Bukit Jailiမှ (၂၀၂)ဦး၊ Semenyihမှ (၅၈)ဦး၊ Ajilမှ(၆)ဦး၊ Tanah Merahမှ (၅၃)ဦး၊ Pekan Nenasမှ (၃၂)ဦး၊ Belantikမှ (၁၀၁)ဦးတို့ကို မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံးမှ စစ်ဆေးတွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံသို့ပြန်လည်ခေါ်ဆောင်ရန် စီစဉ်ပေးခဲ့သည်။

လက်ရှိတွင် မြန်မာသံရုံးအနေဖြင့် နေရပ်ပြန်လိုသူများရှိပါက စနစ်တကျ စိစစ်ပြီးဆောင်ရွက်ပေးနေပြီး  နိုင်ငံသားမှန်ကန်ကြောင်း စိစစ်နိုင်ခြင်းမရှိသေးသူများရှိပါက မြန်မာနိုင်ငံသို့ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဆက်သွယ်ညှိနှိုင်း၍ အတည်ပြုချက် ရရှိရေး စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်သည် ဟု ကြေညာထားသည် ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required