မြန်မာအာဏာပိုင်များကို အရေးယူရန် ဥရောပသမဂ္ဂအား အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ တိုက်တွန်း

မြန်မာအာဏာပိုင်များကို အရေးယူရန် ဥရောပသမဂ္ဂအား အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ တိုက်တွန်း
ဓာတ်ပုံ-EPA
 

ဘရက်ဆဲလ်၊ အောက်တိုဘာ ၁၅ ။           ။ ရခိုင်အရေးနှင့် ပတ်သက်ပြီး မြန်မာအာဏာပိုင်များကို ပိုမိုဖိအားပေးအရေးယူဒဏ်ခတ်ရန် ဥရောပသမဂ္ဂအား အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ယမန်နေ့က တိုက်တွန်းခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောဒေသတွင် ARSA ဘင်္ဂလီအကြမ်းဖက်အဖွဲ့က ပြီးခဲ့သည့် သြဂုတ်လ ၂၅ရက်မှ စတင်အကြမ်းဖက်တိုက်ခိုက်ခဲ့ပြီး တပ်မတော်က နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ရာ ဒေသခံ ဘင်္ဂါလီများ မြန်မာနိုင်ငံအတွင်းမှ ထွက်ပြေးခဲ့ကြသည်။ 

အောက်တိုဘာလ ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အချက်အလက်များအရ မြန်မာနိုင်ငံမြောက်ပိုင်း ရခိုင်ပြည် နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ထွက်ပြေးခဲ့သော ဘင်္ဂါလီ(ရိုဟင်ဂျာ) ၅၃၀၀၀၀ ကျော်ခန့်ရှိကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာရေးအဖွဲ့က ဆိုသည်။

 “ညီညွတ်သောဥရောပသမဂ္ဂအနေဖြင့် ရာဇာဝတ်မှုများ၊ ဥပေဒချိုး ဖောက်မှုများကို အဆုံးသတ်ခြင်း ၊ လူသားချင်းစာနာမှုဆိုင်ရာ ပဋိပက္ခများ မဖြစ်ပွားအောင်တားဆီးခြင်း နှင့် မတရားခံရသူများအတွက် တရားမျှတမှုရရှိအောင် ဖော်ဆောင်ခြင်းတို့ကို ဆောင်ရွက်ရပါမယ်”ဟု  အပြည်ပြည် ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ ညွှန်ကြားရေးမှူး အိုင်ဗာနာမက်ဂိုဝင်က ယမန်နေ့က ထုတ်ပြန်ခဲ့သော   ကြေညာချက်ထဲ၌ ထည့်သွင်းပြောဆိုခဲ့သည်။

ဆက်လက်ပြီး ဥရောပသမဂ္ဂမှ နိုင်ငံခြားရေးဝန်ကြီးများအနေနှင့်လည်း လာမည့်တနင်္လာနေ့တွင် လူဇင်ဘတ်၌ ကျင်းပသွားမည့် အစည်းအဝေးတရပ်၌ ရခိုင်အရေးကိစ္စနှင့် ပက်သက်၍ ဆွေးနွေးမှုများပြုလုပ်ကြရန် မက်ဂိုဝင် က တိုက်တွန်းခဲ့သည်။

ထို့အပြင် ဥရောပသမဂ္ဂအနေနှင့် လက်နက်ရောင်းဝယ်ခြင်းပိတ်ပင်မှုကို ဆွဲဆန့်ထားရန်နှင့် မြန်မာအကြီးတန်း အာဏာပိုင်များကို ပစ်မှတ်ထားသည့် ဘဏ္ဍာရေးအရ အရေးယူဒဏ်ခတ်မှုများ   ပြဌာန်းသွားကြရန် မက်ဂိုဝင်က တိုက်တွန်းပြောဆိုခဲ့သည်။

“မြန်မာနိုင်ငံမှာရှိတဲ့ လူ့အခွင့်အရေးကိစ္စတွေနဲ့ပတ်သက်လို့ နိုင်ငံတကာက တုံ့ပြန်ဆောင်ရွက်တဲ့ နေရာမှာ သမိုင်းကြောင်းအရ ဥရောပသမဂ္ဂဟာ အမြဲတမ်းဦးဆောင်လေ့ရှိခဲ့ပါတယ်။ အခုအချိန်မှာတော့ ဥရောပသမဂ္ဂ ဟာ ရေငုံနှုတ်ဆိတ်လျက်ရှိနေပြီး ဒါကိုကမ္ဘာတစ်ဝန်းက အမှတ်တမဲ့ထားပြီးတော့ ကြည့်နေမှာမဟုတ်ပါဘူး” ဟု သူမက ဖြည့်စွက်ပြောကြားခဲ့သည်။

မြန်မာအစိုးရထုတ်ပြန်သော စာရင်းများအရ ARSAအဖွဲ့၏  ယခုတစ်ကြိမ် တိုက်ခိုက်မှုကြောင့် နိုင်ငံ့ဝန်ထမ်း၊ တိုင်းရင်သား နှင့် လုံခြုံရေးဝန်ထမ်းသေဆုံးမှု  ၈၄ဦးရှိခဲ့ပြီး ၅၄ ဦး ပျောက်ဆုံးနေကြောင်း သိရသည်။

တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဉ် အကြမ်းဘက်သမား ၁၄၀ကျော် အသေဖမ်းမိကြောင်း လည်း အစိုးရက သတင်းထုပ်ပြန်ထားသည်။

 နိုင်ငံတကာ စွပ်စွဲမှုများနှင့် ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လူမျိုးတုံး သတ်ဖြတ်မှု လုံးဝမရှိကြောင်းငြင်းဆိုထားပြီး နေရပ်ရှောင်ရခိုင်လူမျိုးများ၊ ဒေသခံတိုင်းရင်း သားများ၊ ဟိန္ဒူဘာသာဝင်များ နှင့် ဘင်္ဂါလီများကိုပါ ထောက်ပံ့မှုများ၊ ဆေးဝါးကုသမှုများ လုပ်ဆောင်ပေးနေသည်ဟု လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားထားသည်။

ရခိုင်အရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် ပြည်ပအဖွဲ့အစည်းများက ဖိအားပေးနေချိန်တွင် နိုင်ငံအချို့က မြန်မာနိုင်ငံဘက်မှ ရပ်တည်ခဲ့ကြသည်။

ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများကို ရပ်တည်ချက်မပြောင်းလဲဘဲ ဆက်လက်ကူညီ လုပ်ဆောင်သွားမည်ဖြစ် ကြောင်း ဂျပန်သံအမတ်ကြီး H.E.Mr. Tateshi HIGUCHI ကယခုလ ၁၂ရက်တွင် ပြောဆိုခဲ့သည်။

ထို့ပြင်ရခိုင်အရေးနဲ့ပတ်သက်ပြီး မြန်မာအစိုးရကို တိုက်ရိုက်ပြစ်တင်ပြောကြားရန် သြစတြေးလျ အစိုးရက ပယ်ချငြင်းဆန်ခဲ့သည်။  ဘင်္ဂါလီ (ရိုဟင်ဂျာ) မွတ်ဆလင်များ အပေါ် ဆက်ပြီးဖိနှိပ်နေသည်ဟု ဖော်ပြထားသည့်  ကုလအစီရင်ခံစာသစ်တစ်ရပ် ထွက်ပေါ်လာပြီးနောက်ပိုင်း သြစတြေးလျဘက်က ငြင်းဆန်သွားခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံကလည်း ရခိုင်အရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ၏ ခက်ခဲသောအခြေအနေကို နားလည်ပေးရန် နိုင်ငံတကာကို တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required