အပစ်ရပ်စာချုပ် NCA နှင့်ပတ်သက်ပြီး သမ္မတဟောင်း ဦးသိန်းစိန်အား ဒေါ်အောင်ဆန်းစုကြည် ကျေးဇူးတင်စကားပြောကြားခဲ့

အပစ်ရပ်စာချုပ် NCA နှင့်ပတ်သက်ပြီး သမ္မတဟောင်း ဦးသိန်းစိန်အား ဒေါ်အောင်ဆန်းစုကြည် ကျေးဇူးတင်စကားပြောကြားခဲ့

အောက်တိုဘာ ၁၅ ။           ။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA နှင့် ပတ်သက်ပြီး ယခင်သမ္မတဟောင်း ဦးသိန်းစိန်အား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်   ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်စကား ယနေ့ ပြောကြားလိုက်သည်။

ယနေ့ အောက်တိုဘာလ ၁၅ ရက်၊ နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန တွင် ပြုလုပ်သည့် Nationwide Ceasefire Agreement လက်မှတ်ရေးထိုးခြင်း (၂)နှစ်မြောက် အထိမ်းအမှတ် နေ့ အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ခြင်း ဖြစ်သည်။

အပစ်ရပ်စာချုပ် NCA သည် လမ်းဆုံးခရီးမဟုတ်ဘဲ နိုင်ငံရေး ဆွေးနွေးပွဲများသို့ တက်လှမ်းမည့် ငြိမ်းချမ်းရေး ညီလာခံတံခါးကို ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း ယနေ့ NCA သက်တမ်း ၂ နှစ်ပြည့် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပြီးနောက် ကျေးဇူးတင်စကားဆိုခဲ့ခြင်း ဖြစ်သည်။

“NCA ထွက်ပေါ်လာအောင် ညှိနှိုင်း ဆောင်ရွက်ခဲ့ကြတဲ့ သမ္မတကြီး ဦးသိန်းစိန်နဲ့တကွ အခြားပါဝင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေအားလုံးကို ကျေးဇူးတင်ကြောင်း ထပ်လောင်းပြောပါရစေ။ NCA ဆွေးနွေးညှိနှိုင်းခဲ့စဉ်က ကျွန်မတို့အစိုးရနဲ့ ညှိနှိုင်းခဲ့တာ မဟုတ်ပေမယ့်လည်း ကျွန်မတို့ အစိုးရဖြစ်လာတဲ့အချိန်မှာ NCA ကို လက်ခံခဲ့ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

သမ္မတ ဦးသိန်းစိန် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့တို့အကြား ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ကစတင်ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

“ အစိုးရ တစ်ရပ်ရဲ့ တာဝန်ယူမှုနဲ့ လက်ခံရရှိတဲ့ အနေအထားကို အကောင်းဆုံးဖြစ်အောင် ကျွန်မတို့အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဖက် လူမှုအဖွဲ့ အစည်းတွေ၊ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ထဲထဲဝင်ဝင် ပါဝင်ဆောင် ရွက်နေသူတွေနဲ့ အကြိမ်ကြိမ် ညှိနှိုင်းဆွေးနွေးပြီးမှ ရှေ့ဆက်မယ့် ငြိမ်းချမ်းရေးဖြစ် စဉ်ကို လိုက်လျောညီထွေဖြစ်အောင် ချမှတ်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ အဓိကရည်ရွယ်ချက်က ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို နှစ်ပေါင်းများစွာ မျှော်လင့်တောင့်တနေကြတဲ့ ကျွန်မတို့ရဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ အိမ်မက်တွေကို အကောင်အထည်ဖော် ဖို့ပဲ ဖြစ်ပါတယ်” ဟု  တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA နှင့် ပတ်သက်ပြီး ထည့်သွင်း ပြောကြားသည်။

ထို့ပြင် အပစ်ခတ်ရပ်စဲမှုစောင့်ကြည့်ရေး JMC ကြောင့် လက်နက်ကိုင် တပ်ဖွဲ့များအကြား အငြင်းပွားမှုများ ဖြစ်ပေါ်လာပါက စေ့စပ်ညှိနှိုင်း ဖြေရှင်းခြင်းကို တဆင့်တက်လှမ်းနိုင်ခဲ့ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

ယနေ့ ကျင်းပသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုး ခြင်း ၂ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ ဒုသမ္မတ ဦးမြင့်ဆွေ၊ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ NCA စာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက် ကိုင် ၈ ဖွဲ့မှ ခေါင်းဆောင်များ၊ အစိုးရ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ကိုင်သူများနှင့် ဖိတ်ကြားခံထားရသူများ တက်ရောက်ခဲ့ကြသည်။

NCA ၂ နှစ်ပြည့် အခမ်းအနားသို့  အပစ်ရပ်လက်မှတ်ရေးထိုးထားခြင်းမရှိသော UNFE အဖွဲ့ဝင် မွန်ပြည်သစ် ပါတီ (NMSP) ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ လားဟူဒီမိုကရက်တစ်အဖွဲ့ (LDU)နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊  TNLA အပါအဝင် မြောက်ပိုင်း မဟာမိတ်အဖွဲ့ များအား အစိုးရဘက်မှ ဖိတ်ကြားခဲ့သော်လည်း တက်ရောက်ခြင်း မရှိခဲ့ပေ။

လက်ရှိအစိုးရအနေဖြင့် NCA ကို လက်မခံနိုင်သေးသောအဖွဲ့များအတွက် ငြိမ်းချမ်းရေးတံခါးဖွင့်လှစ်ထားပြီး ဖက်ဒရယ်အခြေခံမူ ချမှတ်တဲ့လုပ်ငန်းစဉ်တွေမှာပါဝင်ရန် အစဉ်ဖိတ်ခေါ်နေကြောင်း ပြောခဲ့သည်။

လာမည့် နိုဝင်ဘာလအတွင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ တတိယအစည်းအဝေး ကျင်းပနိုင်ရန် အစိုးရမှ စီစဉ်ဆောင်ရွက်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required