ထရမ့်၏ ခြိမ်းခြောက်မှုကြောင့် အီရန်ပြည်သူများ စိုးရိမ်ထိတ်လန့်နေမည်မဟုတ်ဟု အီရန်အစိုးရပြောဆို

ထရမ့်၏ ခြိမ်းခြောက်မှုကြောင့် အီရန်ပြည်သူများ စိုးရိမ်ထိတ်လန့်နေမည်မဟုတ်ဟု အီရန်အစိုးရပြောဆို

တာရန်၊ အောက်တိုဘာ ၁၅ ။         ။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ခြိမ်းခြောက်မှုများကို အီရန်ပြည်သူများ ဘယ်သောအခါမှ ထိတ်လန့် ကြောက်ရွံ့နေမှာမဟုတ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက စနေနေ့တွင် ပြောကြားခဲ့သည်။

ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံနှင့်အတူထားရှိထားသည့် နျူကလီးယားသဘောတူညီချက်ကို အချိန်မရွေး ရုတ်သိမ်းသွားနိုင်ကြောင်းနှင့် ၁၉၇၉ ခုနှစ်က တာရန်မြို့ရှိ အမေရိကန်သံရုံး၌ ဖြစ်ပွားခဲ့သော ဓားစာခံပြသနာမှ သည် လက်ရှိအချိန်တွင် ဖြစ်ပွားနေသော ပဲ့ထိန်းတပ်ဒုံးပျံစမ်းသပ်မှုကိစ္စများအထိ အီရန်တို့အနေဖြင့် မကောင်းမှုများ ကျူးလွန်ထားခဲ့ကြောင်း သောကြာနေ့က ကြိမ်းမောင်းပြောဆိုခဲ့သည်။

“စွပ်စွဲပြောဆိုချက်တွေ၊ လေးစားမှုမရှိတဲ့ ခြိမ်းခြောက်မှုတွေကြောင့် အီရန်ပြည်သူတွေ ဘယ်သောအခါမှ ထိတ်လန့်ကြောက်ရွံ့နေမှာ မဟုတ်ပါဘူး။ ရာထူးဆက်ခံတဲ့ သမ္မတတိုင်း သိရှိနားလည်သွားခဲ့တဲ့ အကြောင်း အရာတွေကို နောက်ဆုံးမှာ ထရမ့်သဘောပေါက် နားလည်သွားမှာပါ” ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗတ် ဇာရစ်က သူ၏တွစ်တာ၌ ရေးသားပြောဆိုခဲ့သည်။

ပြီးခဲ့သော သောကြာနေ့၌ အီရန်သမ္မတဟတ်ဆန်ရော်ဟာနီက နျူကလီးယားသဘောတူညီချက်ကို နိုင်ငံတကာအသိုင်းအဝိုင်း၏ ထောက်ခံချက်ဖြင့် ချုပ်ဆိုထားခြင်းဖြစ်သောကြောင့် ပြန်လည်ညှိုနှိုင်းခြင်း သို့မဟုတ် ပြန်လည်ပြင်ဆင်ခြင်းများ ပြုလုပ်၍မရဟု ထရမ့်၏ပြောဆိုချက်နှင့် ပတ်သက်၍ တုန့်ပြန်ပြောဆို ခဲ့သည်။

အီရန်နိုင်ငံအနေဖြင့် ၎င်းတို့၏ နျူကလီးယားအစီအစဉ်များကို ထိန်းချုပ်ကန့်သတ်မှုများ ထားရှိသွားမည်ဟု သဘောတူလက်ခံခဲ့သည့်အတွက် ကမ္ဘာ့ထိပ်သီးနိုင်ငံကြီးများဖြစ်ကြသော အမေရိကန်၊ ရုရှား၊ တရုတ်၊ ပြင်သစ်၊ ဗြိတိန်နှင့် ဂျာမနီတို့က အီရန်နိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုများကို ဖယ်ရှားပေးရန် သဘောတူညီခဲ့ကြခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly