အနော်မာစျေးပြန်လည်တည်ဆောက်ရာတွင် လွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်းပါဝင်ရန်လိုဟု မြို့တော်ဝန်တိုက်တွန်း

အနော်မာစျေးပြန်လည်တည်ဆောက်ရာတွင် လွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်းပါဝင်ရန်လိုဟု မြို့တော်ဝန်တိုက်တွန်း

 

ရန်ကုန်၊အောက်တိုဘာ၁၄ ။                   ။ အနော်မာရပ်ကွက်ရှိ အမှတ်(၁)ဈေးပြန်လည်တည်ဆောက်ရာတွင် လွှတ်တော်ကိုယ်စားလှယ်များပါ ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လိုအပ်ကြောင်း ရန်ကုန် မြို့တော်ဝန် ဦးမောင်မောင်စိုးက အောက်တိုဘာ(၁၂)ရက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းဝေး၌ ပြောကြားခဲ့သည်။

သာကေတမြို့နယ် အနော်မှာရပ်ကွက်၌တည်ရှိသော အမှတ်(၁)ဈေးကို အားလုံးခြုံငုံသည့် အဆင့်မြင့်ဈေးအဖြစ် ပြန်လည်တည်ဆောက်ပေးဖို့အစီစဉ် ရှိ၊ မရှိကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် သာကေတမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနွယ်က မေးမြန်းခဲ့ခြင်းဖြစ်သည်။

"Public, People, Partnership နဲ့လည်းသွားမယ် Maintainence(ထိန်းသိမ်းမှု)အတွက် အကောင်းဆုံးနမူနာတွေလည်းတွေ့ထားတဲ့အတွက်ကြောင့် ဒါကိုလည်းသွားပါမယ် ။ အဲဒီအချိန်မှာ ကိုယ်စားလှယ်ကြီးများလည်း ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ပါတယ် ဒီအကောင်အထည်ဖော်ဆောင်ရွက်ဖို့လည်းလျာထားပါကြောင်း လေးစားစွာ ဖြေကြားအပ်ပါတယ်"ဟု ဦးမောင်မောင်စိုးက ပြောသည်။

အနော်မာရပ်ကွက်ရှိ အမှတ်(၁)ဈေးကို ၂၀၁၅-၂၀၁၆ခုနှစ် ဘဏ္ဍာရေးနှစ်တွင် သန်းပေါင်း (၁၄၀၀)အသုံးပြုကာ နှစ်ထပ်ဈေးအဖြစ်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ဈေးအပေါ်ထပ်နေရာတွင် ရောင်းချသည့်ဈေးသည်များမရှိဘဲ အောက်ထပ်၌သာရောင်းချနေကြောင်း သာကေတမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနွယ် ကပြောသည်။

ဈေးအတွက် အကြီးစားပြန်လည်ပြင်ဆင်ရန် သန်း(၁၄၀၀)ကျော် ကုန်ကျခဲ့သော်လည်း ဈေးအင်္ဂါမမြောက်ခဲ့ဘဲ ငွေကြေးသာကုန်ကျခဲ့ရသည်ဟု ဦးမောင်မောင်စိုးကဆိုသည်။

"ဒါဈေးအင်္ဂါမမြောက်လို့ပါ ။ဈေးရဲ့လိုအပ်ချက်တွေ၊ ပတ်ဝန်းကျင်ရဲ့လိုအပ်ချက်တွေ၊ လူထုရဲ့လိုအပ်ချက်တွေအတိုင်း မဆွဲဘဲနဲ့ဖြစ်တဲ့အတွက်ကြောင့် ဒါတွေဟာဖြစ်တယ်"ဟု ဦးမောင်မောင်စိုးက ပြောသည်။

ထို့အပြင် အနော်မာ အမှတ်(၁)ဈေးပတ်ဝန်းကျင်ရှိ လမ်းပေါ်တွင် ဈေးရောင်းချနေသူများတွေ့ရှိရ၍ "ဈေးရှိပြီး ဈေးမှာတက်မရောင်းဘဲ လမ်းဘေးတက်ရောင်းနေတာက   တော်တော်ကို စုတ်ပျက်တဲ့အခြေအနေပါ။ ရိုင်းသွားရင်တော့ လွှတ်တော်ဥက္ကဌကြီးခင်ဗျ ခွင့်လွှတ်ပါ"ဟု ဦးမောင်မောင်စိုးက ဆိုလိုက်သည်။

သာကေတမြို့နယ် အနော်မှာရပ်ကွက်ရှိ အမှတ်(၁)ဈေး၏ ဈေးဧရိယာ စတုရန်းပေ ငါးသောင်းကျော် ကိုအကြီးစားပြုပြင်ခြင်း၊ စတုရန်းပေ ခုနှစ်ထောင်ကျော် တို့ကို ၆ပေထု ကွန်ကရစ်ခင်းခြင်းကို ၂၀၁၅-၂၀၁၆ခုနှစ်၌ ဆောင်ရွက်ခဲ့သည်။

သို့သော်လည်း ဈေးအပေါ်ထပ်တွင် ရောင်းချသူမရှိပဲ လမ်းဘေးတွင်သာဆက်လက်ရောင်းချနေကြသည်။

အဆိုပါဈေးကို ၂၀၁၆-၂၀၁၇ခုနှစ်နှင့် ၂၀၂၀-၂၀၂၁ခုနှစ်များတွင် အဆင့်မြင့်ဈေးအဖြစ် အကောင်အထည်ဖော်တည်ဆောက်ရန် ကြိုတင်စီစဉ်ထားပြီးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required