ငါးခူစင်းကောနဲ့ရဲယိုရွက်ကြော်

ငါးခူစင်းကောနဲ့ရဲယိုရွက်ကြော်

 

မင်္ဂလာပါ…………….။

ဒီတပတ်အတွက်ကတော့ ငါးခူစင်းကောနဲ့ရဲယိုရွက်ကြော်လေးချက်စားဖြစ်ပါတယ်။ ရဲယိုရွက်က ဆေးဘက်လဲဝင်တယ်လို့ဆိုကြပါတယ်။အရွက် ကို နှစ်သက်သလို သုပ်စားကြော်စား ပြုတ်တို့ကြသလို အသီးကို ယိုထိုးပြီးလည်းစားကြပါတယ်။

ရဲယိုရွက်နဲ့ ငါးခူစင်းကော လုပ်စားဖို့ လိုအပ်တာတွေကတော့

ငါးခူ ၃၀သား

ရဲယိုရွက်မနုမရင့် လက်တစ်ဆုပ်ခန့်

ကြက်သွန်ဖြူ ၂ဥ

ကြက်သွန်နီ ၂ဥ

စပါးလင် ၁ပင်

ငရုတ်ခွဲကြမ်း အနည်းငယ်လိုအပ်ပါတယ်။

 

ငါးခူက ချွဲတာတွေပြောင်အောင် မကျီးရည် ဒါမှမဟုတ် ရှာလကာရည်နဲ့ ၅မိနစ်လောက် စိမ်ပြီးမှ ရေပြန်ဆေးပါ။ ပြီးရင်ဓားထက်ထက်နဲ့ အလယ်ကအရိုးမပါအောင်အသားကို အပြားလိုက် လှီးယူပါ။ပြီးရင် အသားပြားကို ခပ်ပါးပါး စင်းပြီး ဆား နနွင်း နယ်ပြီးနှပ်ထားပါ။ငရုတ်ခွဲကြမ်းကို ကြက်သွန်ဖြူနီ နဲ့ ထောင်းထားပါ။ စပါးလင်ကို အနေတော်လှီးထားပါ။ရဲယိုရွက်မနုမရင့်လေးတွေကို ပါးပါးလေးလှီးထားပါ။

အခုဆိုရင် အားလုံးပြင်ဆင်ထားတာတွေ ပြီးပြီဆိုတော့ ငရုတ်သီးထောင်းကို အရင်ဆီသတ်ပါမယ်။ ငရုတ်သီးကြက်သွန်နွမ်းသွားရင် စပါးလင်လေးထည့် ဆီပြန်သတ်ပါ။ 

ဆီသတ်တာမွှေးလာပြီဆိုရင် ငါးစင်းကောလေးထည့်ပါ။အသားမကျေအောင်သတိထားမွှေပေးပါ။

ငါးစင်းကောကို ဆီနဲ့ပဲကျက်အောင်ကြော်ရပါမယ်။ရေထည့်စရာမလိုပါဘူး။ရေထည့်တဲ့ အခါ ငါးအသားတွေကြေမွှသွားတက်လို့ပါ။

ဆီနဲ့မီးအေးအေးနဲ့ကြော်ပြီး ငါးစင်းကောကျက်ပြီဆိုရင်တော့ ရဲယိုရွက်ကလေးတွေကို ထည့်လိုက်မွှေလိုက်နဲ့ အရွက်နွမ်းတဲ့အထိကြော်ရပါမယ်။ ပြီးရင် အရွက်ထဲ အရသာဝင်စေဖို့ ဆားအနည်းငယ်ဖြူပေးပါ။ ပြီးရင် သမအောင်ပြန်မွှေပေးပါ။

အခုဆိုရင်တော့ အရသာလဲရှိ ဆေးဘက်လဲဝင်တဲ့ ငါးခူစင်းကောရဲယိုရွက်ကြော်လေးရပါပြီ။

အစီအစဉ်ကို စနေနေ့ ညနေတိုင်း တင်ဆက်ပေးမှာဖြစ်တာမို့ တနင်္ဂနွေနေ့ အားလပ်ရက်မှာ တစ်ပျော်တစ်ပါး ချက်ပြုတ်စားနိုင်ကြပါပြီ။ ဒီအစီအစဉ်ကို COOKမှ အဓိက ကူညီပံ့ပိုးပေးပါတယ် ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly