“သူရဦးရွှေမန်းကို ဖယ်ရှားမှုနဲ့ မီဒီယာ ကဏ္ဍ”

“သူရဦးရွှေမန်းကို ဖယ်ရှားမှုနဲ့ မီဒီယာ ကဏ္ဍ”

ကိုမျိုးသန့်ရေ

ကျွန်တော်တို့ နိုင်ငံမှာတော့ စိတ်ဝင်စားဖို့ ကောင်းတဲ့ နိုင်ငံရေးဆိုင်ရာ ပြဿနာကြီး ပေါ်ခဲ့တယ်နော်။ ၂၀၀၄ ခုနှစ်က တိုင်းပြည်ရဲ့ နံပါတ်(၃) ခေါင်းဆောင် ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ သူ့ထောက်လှမ်းရေး တပ်ဖွဲ့ဝင်တွေကို စစ်ခေါင်းဆောင်တွေက အရေးယူခဲ့တာပြန်အမှတ်ရမိပါရဲ့။ ခုတစ်ခေါက် အာဏာရပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင် သူရဦးရွှေမန်းကိုပါတီ တာဝန်ကနေ ဖယ်ရှားလိုက် တဲ့ ကိစ္စကလည်း အတော်လေး ကြီးကျယ်တဲ့ ဖြစ်ရပ်ပါ။ သူရဦးရွှေမန်းဟာ အာဏာရ ပြည်ခိုင်ဖြိုးပါတီရဲ့ ယာယီ ဥက္ကဋ္ဌ ဖြစ်သလို၊ ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး ဥက္ကဋ္ဌ၊ အမတ်လောင်းများ စိစစ်ရွေး ချယ်ရေး အဖွဲ့ခေါင်းဆောင်စတဲ့ အရေးအကြီးဆုံး တာဝန်တွေကိုလည်း ရယူထားတာပါ။ ဒါတင်မက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နဲ့ လက်ရှိ အလှည့်ကျ ပြည်ထောင်စု လွှတ်တော်နာယက လည်းဖြစ်နေပြန် ပါတယ်။ဒါကြောင့် သူ့ကိုပါတီထိပ်တန်း ခေါင်းဆောင် ရာထူးကနေ ဖြုတ်ချလိုက်တဲ့ သတင်းဟာ ထူးခြားနေသလို၊ နောက်ထပ် သူ့ကို ထပ်ပြီး အရေးယူလေဦးမလား ဆိုပြီး ပြည်သူတွေ သို့လော၊ သို့လော သိချင်နေကြတဲ့ အခြေအနေပါ။

ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ဖြုတ်ချ အရေးယူလိုက်တဲ့ အချိန်နဲ့ အခု သူရဦးရွှေမန်းကို ဖြုတ်ချလိုက်တဲ့အချိန် အဓိက ကွာခြားချက်ကတော့ နိုင်ငံတွင်းမှာ သတင်းမီဒီယာ လွတ်လပ်ခွင့် တစ်ချို့ ရှိနေတာ ပါပဲ။ ပြည်တွင်းမှာ အခြေစိုက်ပြီး ထုတ်လွှင့်တဲ့ ရေဒီယိုနဲ့ ရုပ်သံ လုပ်ငန်းအားလုံးကို အစိုးရက အပြည့်အဝ ထိန်းချုပ်ထားပေမယ့် ပုံနှိပ် စာနယ်ဇင်း မီဒီယာကတော့ လွတ်လွတ်လပ်လပ်ကြီး ရှိနေပါတယ်။ ဒါတင်မက ပြည်ပကနေ ပြည်တွင်းအတွက် လွှင့်ထုတ်ပေးနေတဲ့ ရေဒီယို၊ ရုပ်သံနဲ့ အွန်လိုင်းမီဒီယာတွေရော၊ နိုင်ငံတကာ မီဒီယာပေါင်းစုံရဲ့ သတင်းထောက်တွေပါ ပြည်တွင်းမှာ သတင်းလွတ်လွတ် လပ်လပ် ရယူနေနိုင်ကြလို့ပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါကတော့ ကောင်းတဲ့ အနေအထားလို့ ထင်ပါတယ်။

ကိုမျိုးသန့်ရေ

အခု ကိစ္စကြီးဖြစ်လာတော့ ထုံးစံအတိုင်း ကျွန်တော့်ကို ဟိုသတင်းဌာန ဒီသတင်းဌာနက သတင်းမေး၊ ထင်မြင်ချက်မေးတာတွေ ရှိတာပေါ့။ ဒီတစ်ကြိမ် ကျွန်တော် သိလိုက်ရတာက ကျွန်တော် တို့နိုင်ငံ ထဲမှာ နိုင်ငံတကာ သတင်းမီဒီယာ အတော်များများ ရောက်ရှိ သတင်းယူနေကြတယ် ဆိုတာပါပဲ။ တစ်ချို့သတင်းဌာန တွေဆို ရုံးခန်းဖွင့်၊ လခစား သတင်းထောက်တွေ ထားပါတယ်။ တစ်ချို့ သတင်း ဌာနတွေကတော့ သတင်းထောက် မထားပဲ stringer တွေထားတယ်။ တစ်ချို့ သတင်းဌာနတွေကတော့ fixer တွေ ခန့်ထားတယ် ဆိုတာလည်း သိရတယ်။ ပြောရရင် သတင်းလွတ်လွတ်လပ်လပ် ယူနိုင် တဲ့အနေအထားပေါ့။ နောက် အခြားတစ်ဖက်မှာလည်း ကျွန်တော်တို့ဆီမှာ မိုဘိုင်းဖုန်းလိုင်းတွေ အလွန်ပေါနေတဲ့ အချက်ပါ။ အရင် စစ်အာဏာရှင်ခေတ်ကဆို လူတစ်ယောက်ကို ပြင်ပနဲ့ မဆက်သွယ်စေ ချင်ရင် သူ့ အိမ်ဖုန်း၊ ဒါမှမဟုတ် တန်ဘိုး အင်မတန်ကြီးတဲ့ မိုဘိုင်းဖုန်း လိုင်းကို ပိတ်လိုက်တာနဲ့ ကိစ္စ ပြတ်ပါတယ်။ အခု အဲလိုလည်း လုပ်လို့တော့ မရတော့ပါဘူး။

ဒါကြောင့်လဲ သူရဦးရွှေမန်းရဲ့ သား ဦးတိုးနိုင်မန်းဆိုရင် သတင်းဌာနတွေက မေးတာတွေကို ဖြေနိုင်၊ အင်တာဗျူးတွေ လုပ်နိုင်တာ တွေ့ရပါတယ်။ သူ့အိမ်ကို လုံခြုံရေးတွေက ဝိုင်းထား ၊စောင့်ကြည့်နေ တယ် ဆိုတာမျိုးကအစ ပြောဆိုနိုင်ပါတယ်။ အလားတူ အခုရက်ပိုင်း ဦးတိုးနိုင်မန်း တို့ပိုင်တဲ့ ချယ်ရီ အက်ဖ်အမ်ကို ပြန်ကြားရေးက ရပ်ဆိုင်းခိုင်းတဲ့ ကိစ္စ အဖြစ်မှန်ကိုလည်း ပြည်သူတွေ သိခွင့်ရပါတယ်။ ဒါတင်မက သူရဦးရွှေမန်းကလည်း သူ့ရဲ့ facebook စာမျက်နှာကနေ တဆင့် ပြည်သူတွေနဲ့ ဆက်သွယ်နေနိုင်ပါသေးတယ်။ သူ့အနေနဲ့ ကြိုက်ရာ သတင်းမီဒီယာကို ပြောဆိုနိုင်ခွင့် ရှိပေမယ့် အမှား အယွင်းဖြစ်မှာစိုးရိမ်လို့ မပြောမဆိုပဲ ဖေ့ဘွတ်ခ် လောက်နဲ့ပဲ ပြောတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

ဖေ့ဘွတ်ခ် ဆိုလို့ ပြောရဦးမယ်။ သာမန် သတင်းတွေလောက်ဆို ဖေ့ဘွတ်ခ်ဟာ အတော်လေးကို မြန်ဆန်လာတာ တွေ့ရပါတယ်။ ဥပမာအားဖြင့် ပြည်ခိုင်ဖြိုးပါတီရဲ့ ဖွဲ့စည်းပုံ လူစာရင်း အသစ် ထုတ်ပြန် လိုက်တယ် ဆိုပါတော့။ ဖေ့ဘွတ်ခ်မှာ အချိန် သိပ်မကွာပဲ တက်လာတာ တွေ့ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ လူငယ် သတင်းထောက်လေးတွေ ဖုန်းပွတ်တာလည်း သိပ်တော့ မဆန်းပါဘူး။ဖေ့ဘွတ်ခ် ကအရမ်းမြန်တာကိုးနော။ အဲတော့ အခုလို ကြီးကျယ်တဲ့ အဖြစ်အပျက်ကြီး ဖြစ်နေချိန် ပြည်သူ အတော်များများ အင်တာနက် လူမှုကွန်ယက် စာမျက်နှာပေါ်မှာ ရှိနေတာလည်း တွေ့ရပါတယ်။

တကယ်လို့များ ကျွန်တော်တို့ဆီမှာ လွတ်လပ်တဲ့ ပုဂ္ဂလိက ရေဒီယိုနဲ့ ရုပ်သံ ချယ်နယ်တွေသာ ရှိခဲ့ရင် ဒီလို အရေးအခင်းကြီးမျိုးကို ရေဒီယို၊ ရုပ်သံတွေကနေ အချိန်နဲ့ တပြေးညီ တင်ပြနိုင်မှာ မဟုတ်လား ဗျာ။ အဲတစ်ခုတော့ ပြောလိုက်ဦးမယ်။ တစ်ချို့ ရေဒီယိုနဲ့ ရုပ်သံတွေက သတင်းတင်ပြတာတွေ မြန်တော့ မြန်ပါရဲ့။ ဒါပေမယ့် အစိုးရ ထိန်းချုပ်ထားတဲ့ မီဒီယာတွေမို့လို့ အစိုးရက ထုတ်ပြန်ပေးတဲ့ သတင်းတွေကို မြန်မြန်ဆန်ဆန် ထုတ်လွှင့်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ ဥပမာ ပြည်ခိုင်ဖြိုးပါတီ ဖွဲ့စည်းပုံ အသစ်ပြောင်းလဲလိုက်တဲ့ သတင်းဆိုရင် ရုပ်သံလိုင်းတွေကနေ မြန်မြန်ဆန်ဆန် တင်ပြတာ တွေ့ရတယ်။

တဆက်တည်း သူရဦးရွှေမန်း ပြဿနာနဲ့ အတူပေါ်လာတာက ချယ်ရီ FM ရေဒီယိုလိုင်း ကိစ္စပါ။ အရင် စစ်အာဏာရှင်တွေ လက်ထက်ကတည်းက ခေါင်းခေါက်ပြီး ပေးထားတဲ့ မီဒီယာ တစ်ခုဖြစ်ပြီး သူရဦးရွှေမန်းရဲ့ သား ပိုင်ဆိုင်ပါတယ်။ လက်ရှိ ရန်ကုန်မှာ အခြေစိုက်ပြီး တိုင်းနဲ့ ပြည်နယ် တွေမှာ ထပ်ဆင့်လွှင့်စက်ရုံ ၁၆ ရုံရှိတယ်လို့ ဆိုပါတယ်။ နောက်ဆုံးသတင်းအရ အဲဒီ စတေရှင်တွေ အားလုံးကနေ အသံလွှင့်မှု ရပ်ဆိုင်းသွားပါပြီ။ ပြန်ကြားရေးကလည်း ချယ်ရီ အက်ဖ်အမ် တာဝန်ရှိသူတွေကို ခေါ်ယူတွေ့ဆုံပြီး ယာယီအားဖြင့် (၃) လ ထုတ်လွှင့်တာ ရပ်ဆိုင်းထားဖို့၊ အဲဒီလို ရပ်ဆိုင်းဖို့ ကိုယ့်ဖာသာကိုယ် စာတင်ဖို့ ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။ တကယ်တော့ အထူး အခွင့်အရေးအနေနဲ့ ရေဒီယို ထုတ်လွှင့်ခွင့်ရထားတဲ့ ပိုင်ရှင် ခရိုနီ နဲ့ အာဏာရှင်ဆန်တဲ့ အစိုးရ ဖြစ်ပွားတဲ့ ပြသနာကို မီဒီယာ ဖိနှိပ်မှု အဖြစ် ပြောဆိုဖို့ကတော့ အတော်ခက်ပါတယ်။ ကျွန်တော်ကတော့ ဥပဒေနဲ့ အညီ ပုဂ္ဂလိကကို ရေဒီယိုနဲ့ ရုပ်သံ ထုတ်လွှင့်ခွင့် ပေးဖို့ကိုပဲ အလေးအနက် တောင်းဆိုချင်ပါတယ်ဗျား။

ကျန်းမာပျော်ရွှင်ပါစေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required