မန္တလေး အနုပညာအထက်တန်းကျောင်းတွင် အချိန်ပိုင်းသင်တန်းများ ဖွင့်လှစ်ရန် စီစဉ်

မန္တလေး အနုပညာအထက်တန်းကျောင်းတွင် အချိန်ပိုင်းသင်တန်းများ ဖွင့်လှစ်ရန် စီစဉ်

 

မန္တလေး၊အောက်တိုဘာ ၁၄ ။                   ။ မန္တလေးတိုင်းဒေသကြီးအတွင်း မျိုးဆက်သစ်လူငယ် အနုပညာရှင်များပေါ်ထွန်းလာစေရေးအတွက် မန္တလေး အနုပညာအထက်တန်းကျောင်း (ပန်တျာကျောင်း)တွင် အချိန်ပိုင်း သင်တန်းများဖွင့်လှစ်ပို့ချသွားရန် ဆောင်ရွက်နေသည်ဟု တိုင်းအစိုးရအဖွဲ့၊သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဦးစိုင်းကျော်ဇောကပြောသည်။

"အနုပညာမြို့တော်ဖြစ်တဲ့အတွက် ကျွန်တော်ကဖန်တီးပေးရမှာပေါ့။ပန်တျာကျောင်းရှိပြီးတော့ လူငယ်လူရွယ်တွေအတတ်ပညာပိုင်းအားနည်းမှုရှိတယ်။အကပညာ၊အတီးပညာ၊အဆိုပညာ၊အမှုတ်ပညာ အားလုံးက အားနည်းခဲ့ရတယ်။ဒါကြောင့်မို့ ဆို၊က၊ရေး၊တီးမှာ မန္တလေးကအမြဲတမ်း ဒုတိယပဲရခဲ့တယ်။အပြည့်မဝင်နိုင်ဘူးပေါ့။အပြည့်မဝင်နိုင်ရတဲ့အကြောင်းအရင်းက ၁၅ အောက်က ကျွန်တော်တို့စီမှာ သိပ်မရှိကြတော့ဘူး။အရင်တုန်းက ပန်တျာကျောင်းက အနုပညာအထက်တန်းကျောင်းဆိုတဲ့အတွက် ၁၅ နှစ်အောက်ကလေးတွေ အဲဒီမှာရှိသင့်တယ်လို့ ယူဆလို့ ဆောင်ရွက်နေပါတယ်"ဟု ဦးစိုင်းကျော်ဇောကပြောသည်။

အချိန်ပိုင်း အဆို၊အက၊အတီးပညာသင်တန်းများကို ၁၅နှစ်အောက် ကလေးများကိုရည်ရွယ်ဖွင့်လှစ်သွားမှာဖြစ်သည်။ထိုသို့ဖွင့်လှစ်ခြင်းသည် မြန်မာ့ယဉ်ကျေးမှုအနုပညာများကို ထိန်းသိမ်းခြင်းဖြစ်သလို လူငယ်များအနေဖြင့် ဆို၊က၊ရေး၊တီးကို စိတ်ဝင်းစားလာစေရန်အတွက်ဖြစ်ကြောင်းသိရသည်။

ယခင်က အမျိုးသားကဇာတ်ရုံကို ကွယ်သည်ဟုဆိုကာ ဖြုတ်ချထားခြင်းခံထားရသည့် အနုပညာအထက်တန်းကျောင်း(ပန်တျာကျောင်း)ဆိုင်းပုတ်ကိုလည်း ပြန်လည်တပ်ဆင်သွားမည်ဟုလည်း ဦးစိုင်းကျော်ဇောကဆိုသည်။

သင်တန်းများဖွင့်လှစ်ရန် စီစဉ် ဆောင်ရွက်နေဆဲဖြစ်သောကြောင့် စတင်ဖွင့်လှစ်မည့်ရက်များ မသိရသေးပေ။

အဆိုပါ အနုပညာအထက်တန်းကျောင်းတွင် နှစ်စဉ် နွေရာသီကျောင်းပိတ်ရက်များတွင်သာ လူငယ်များအတွက် ရည်ရွယ်၍ ပန်းချီ၊ပန်းပု၊အက၊အဆို သင်တန်းများဖွင့်လှစ်ပေးလျှက်ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly