အမေရိကန်အသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲ ကျရှုံးခဲ့ပြီးနောက် နည်းပြရာထူးမှ ဘရုစ်အရီနာ နှုတ်ထွက်

အမေရိကန်အသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲ ကျရှုံးခဲ့ပြီးနောက် နည်းပြရာထူးမှ ဘရုစ်အရီနာ နှုတ်ထွက်

နည်းပြ ဘရုစ် အရီနာရဲ့ အမေရိကန်နိုင်ငံလက်ရွေးစင်ဘောလုံးအသင်းဟာ ၁၉၈၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်မှု မရှိခဲ့တဲ့နောက် အသင်းရဲ့နည်းပြမှာ သောကြာနေ့က ရာထူးမှ တရားဝင်နှုတ်ထွက်ခဲ့ကြောင်း သိရပါတယ်။

အမေရိကန်အသင်းဟာ ရုရှားမှာ ကျင်းပမယ့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် နောက်ဆုံးခြေစစ်ပွဲအဖြစ် အင်္ဂါနေ့က ထရီနီဒက်နှင့် တိုဘာဂိုအသင်းကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့အပြီးမှာ အခုလို နည်းပြက ရာထူးမှ နှုတ်ထွက်သွားတာဖြစ်ပါတယ်။
အမေရိကန်အသင်းအနေနဲ့ နောက်ဆုံးပွဲစဉ်မှာ သရေကျရုံဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ခွင့် ရရှိမှာဖြစ်ပေမယ့် သရေဖြစ်အောင် မကစားနိုင်ခဲ့တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် လွှဲချော်ခဲ့ရပါတယ်။

“ကျနော်တို့ လုပ်ရမယ့်အလုပ်ကို ပြီးမြောက်အောင် မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ ဒီအတွက် ကျနော် တာဝန်ခံယူမှုကို လက်ခံပါတယ်။”လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလက ဒုတိယအကြိမ်အဖြစ် နည်းပြ တာဝန်ယူခဲ့တဲ့ အသက် ၆၆ နှစ်အရွယ်ရှိ အရီနာက ပြောပါတယ်။

အရီနာဟာ သူပထမဆုံးအကြိမ် အမေရိကန်အသင်းကို ကိုင်တွယ်ခဲ့စဉ်က ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အထိ ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

အရီနာဟာ ဂျာမနီတိုက်စစ်မှူးဟောင်း ကလင်းစမန်ရဲ့ နည်းပြနေရာကို အစားထိုးဝင်ရောက်ခဲ့ချိန်က သူဟာ ၁၉၉၈ နှင့် ၂၀၀၆ ခုနှစ်အကြား ပြိုင်ပွဲပေါင်း ၁၃၀ ပွဲ ကိုင်တွယ်ရာမှာ ၇၁ ပွဲအထိ အနိုင်ရခဲ့တာကြောင်း အမေရိကန်အသင်း နည်းပြတွေထဲမှာ အကောင်းဆုံး အနိုင်ရရှိမှု နှုန်းလည်းဖြစ်ပါတယ်။

ဒါ့အပြင် သူဟာ LA Galaxy နှင့် DC United ကလပ်အသင်းတွေနှင့်အတူ MLS ဖလား ၅ ကြိမ် ရရှိခဲ့သူဖြစ်ပါတယ်။

Ref; BBC, EFE-EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required