စက်တင်ဘာလ ပရီးမီးယားလိဂ်အကောင်းဆုံးဆုများကို စပါးတိုက်စစ်မှူး ဟယ်ရီကိန်းနှင့် မန်စီးတီးနည်းပြဂွါဒီယိုလာတို့ ရရှိ

စက်တင်ဘာလ ပရီးမီးယားလိဂ်အကောင်းဆုံးဆုများကို စပါးတိုက်စစ်မှူး ဟယ်ရီကိန်းနှင့် မန်စီးတီးနည်းပြဂွါဒီယိုလာတို့ ရရှိ

အောက်တိုဘာ ၁၃၊ အင်္ဂလန် ။           ။ စက်တင်ဘာလအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုကို စပါးတိုက်စစ်မှူး ဟယ်ရီကိန်းက ရရှိခဲ့ပြီး အကောင်းဆုံးနည်းပြဆုကို မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဆွတ်ခူးရရှိသွားခဲ့သည်။

ဟယ်ရီကိန်းသည် စက်တင်ဘာလအတွင်း စပါးအသင်းအတွက် လေးပွဲကစားခဲ့ရာတွင် ခြောက်ဂိုးအထိသွင်းယူနိုင်ခဲ့သည်။ ထို့ကြောင့် မန်ယူတိုက်စစ်မှူးလူကာကူ၊ ချယ်လ်ဆီးတိုက်စစ်မှူး မိုရာတာတို့ကို ဖြတ်ကျော်ပြီး အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရသည်။

ဟယ်ရီကိန်းအတွက် ယခုအကြိမ် တစ်လတာအကောင်းဆုံးဆုရခြင်းသည် ငါးကြိမ်မြောက်ဖြစ်သည်။ ရွန်နီ၊ ဗန်ပါစီတို့နှင့် အကြိမ်အရေအတွက် တူညီသွားခဲ့ပြီး ၆ ကြိမ်ရရှိထားသည့် ဂျရတ်ကို လိုက်မီရန် တစ်ကြိမ်သာ လိုအပ်တော့သည်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာမှာမူ စက်တင်ဘာလအတွင်း မန်စီးတီးအသင်း ၄ ပွဲစလုံးအနိုင်ရခဲ့သည့်အတွက် အကောင်းဆုံးနည်းပြဆုရခဲ့ခြင်းဖြစ်သည်။ မန်စီးတီးအသင်းသည် လီဗာပူးလ်၊ ဝက်ဖို့ဒ်၊ ခရစ္စတယ်ပဲလေ့စ်၊ ချယ်လ်ဆီးတို့နှင့် ပွဲစဉ်အားလုံးကို အနိုင်ရရှိခဲ့ပြီး ထိုလေးပွဲတွင် ၁၇ ဂိုးအထိသွင်းယူနိုင်ခဲ့ကာ ပေးဂိုးမရှိခဲ့ပေ။

ဂွါဒီယိုလာသည် ပြိုင်ဘက်နည်းပြများဖြစ်သော မန်ယူနည်းပြမော်ရင်ဟို၊ စပါးနည်းပြပိုချက်တီနိုနှင့် အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးတို့ကို ကျော်ဖြတ်ပြီး ဆုရခဲ့ခြင်း ဖြစ်သည်။

ရည်ညွှန်း ပရီးမီးယားလိဂ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags