ယခုနှစ် ဆောင်းရာသီတွင် မတ်ပဲသီးနှံကို တတ်နိုင်သမျှ လျှော့စိုက်ကြရန် အကြံပြု

ယခုနှစ် ဆောင်းရာသီတွင် မတ်ပဲသီးနှံကို တတ်နိုင်သမျှ လျှော့စိုက်ကြရန် အကြံပြု
ပဲခူးတိုင်းအတွင်းက ပဲစိုက်တောင်သူတစ်ဦးအား ၂၀၁၆ခုနှစ်အတွင်းက တွေ့ရစဉ်(ဓာတ်ပုံ- ဟောင်ဆာ(ရာမည)/မဇ္ဈိမ)

နေပြည်တော်(အောက်တိုဘာ ၁၃ရက်၊ ၂၀၁၇ခုနှစ်)။ ။ အိန္ဒိယနိုင်ငံ၏ ဈေးကွက်တစ်ခုတည်းကိုသာ အဓိက အားကိုးနေရသည့် မတ်ပဲသီးနှံကို ယခုနှစ် ဆောင်းရာသီတွင် တတ်နိုင်သမျှ လျှော့စိုက်ကြရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝန်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က တိုက်တွန်းလိုက်သည်။

“လာမယ့် ဆောင်းရာသီမှာ မတ်ပဲကတော့ လျှော့စိုက်သင့်တယ်။ ဘာကြောင့်လည်းဆိုတော့ အိန္ဒိယရဲ့ ကိုတာက ပေးထားတဲ့ ကိုတာ ၃သိန်းထက် ပိုဝယ်မှာ မဟုတ်ဘူး” ဟု ဦးတိုးအောင်မြင့်က မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပဲမျိုးစုံအနက် မတ်ပဲကို အိန္ဒိယနိုင်ငံကသာ အဓိက ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဩဂုတ်လ ၅ရက်တွင်မူ မတ်ပဲတင်သွင်းမှုကို တန်ချိန် ၃သိန်းအထိ တင်သွင်းမှု ကန့်သတ်ကြောင်း အိန္ဒိယအစိုးရက ထုတ်ပြန်ထားခြင်း ဖြစ်သည်။

“ကျွန်တော်တို့နိုင်ငံက ပို့နေတာ လေးငါးသိန်း ပို့နေတာဖြစ်တဲ့အတွက် ပိုနေတဲ့ ပစ္စည်းတွေများသွားရင် ဈေးက ထပ်ကျသွားနိုင်တယ်” ဟု ဦးတိုးအောင်မြင့်က ပြောသည်။

အကောင်းဆုံးနည်းလမ်းမှာ လာမည့် ဆောင်းရာသီတွင် စိုက်ပျိုးရေရရှိသည့် လယ်ယာမြေအားလုံး စပါးစိုက်ပျိုးကြရန် ဦးတိုးအောင်မြင့်က အကြံပြုသည်။

“ရေမယ့် နေရာအားလုံးမှာ ဖြစ်နိုင်ရင် စပါးစိုက်ဖို့ တိုက်တွန်းလိုပါတယ်။ ဘာကြောင့်လည်းဆိုတော့ စပါးမျိုးဆိုတာက နေရာတိုင်းမှာ ရနိုင်တယ်။ ကျန်တဲ့ ပဲမျိုးဆိုတာက ချက်ချင်း ပြောင်းနိုင်ဖို့ အခက်အခဲ ရှိနိုင်တယ်။ တချို့က စိုက်လေ့စိုက်ထ မရှိတဲ့ နေရာကျ အဆင်မပြေတာ ရှိနိုင်တာပေါ့။ ဒါကြောင့် အကောင်းဆုံးကတော့ လာမယ့် ဆောင်းသီးနှံမှာ ရေရမယ့်နေရာအားလုံးသည် စပါးစိုက်သင့်တယ်လို့ အကြံပြုချင်ပါတယ်” ဟု ၎င်းက ပြောသည်။

ကမ္ဘာ့ဆန်ဈေးကွက်အပေါ်မူတည်ကာ ယခုနှစ်ဆန်ဈေးကွက်သည် အခြေအနေကောင်းနေပြီး ပြည်ပဈေးကွက်မှ ဝယ်လိုအားကောင်းသောကြောင့် လက်ရှိ မိုးစပါးအသစ်အပေါ်ချိန် စပါးတင်း ၁၀၀လျှင် ကျပ်ငါးသိန်းအထက်ဖြင့် ဈေးစဖွင့်လျက် ရှိသည်။

“ဒီနှစ် ဆန်ဈေးကွက်က အခြေအနေကောင်းတယ်။ ကမ္ဘာ့ဈေးကွက်အပေါ်မှာ မူတည်ပြီးတော့ ဆန်ဈေးကွက်က အခု တည်ငြိမ်တဲ့ အနေအထားရှိတယ်။ နောက်တစ်ခုက Demand ပေါ့။ လိုချင်တဲ့သူ များလာတယ်။ များလာတဲ့အတွက် ဆန်စပါးကတော့ ထပ်တိုး စိုက်သင့်တယ်” ဟု ဦးတိုးအောင်မြင့်က ပြောသည်။

ထို့ပြင် အိန္ဒိယဈေးကွက်ကို မှီခိုရသည့် သီးနှံမဟုတ်သော ပဲတီစိမ်းကို ယခုနှစ်ဆောင်းရာသီတွင် တိုးချဲ့စိုက်ပျိုး၍ ရသည်ဟုလည်း ဦးတိုးအောင်မြင့်က ဆက်လက်ပြောကြားသည်။

“ပဲတီစိမ်းဆိုလည်း ဈေးကွက်က အများကြီး ရှိတယ်။ အထူးသဖြင့် တရုတ်ကို အများဆုံး ပို့ရတယ်။ ကျန်တဲ့ နိုင်ငံတွေလည်း အများကြီးရှိတယ်။ ဒါတွေကတော့ တိုးစိုက်လို့ ရပါတယ်” ဟု ၎င်းက ဆိုသည်။

ယခင်နှစ်များက မတ်ပဲကို အဓိက စိုက်ပျိုးခဲ့သော်လည်း ဈေးကွက်အနေအထားအရ ယခုနှစ် ဆောင်းရာသီတွင် မတ်ပဲထက် ပဲတီစိမ်းကို အဓိက စိုက်ပျိုးသွားမည်ဟု ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်မှ လယ်သမားကြီးတစ်ဦးကလည်း မဇ္ဈိမကို ပြောသည်။

သို့သော် “သူ(ပဲတီစိမ်း)က မတ်ပဲလောက် ရာသီဥတုဒဏ်နဲ့ ပိုးမွှားဒဏ် သိပ်မခံနိုင်ဘူး။ ဥပမာ- အခွံပါးတော့ မိုးမိတာတို့ ဘာတို့ဆိုရင် အစို့ပေါက်လွယ်တယ်” ဟု အဆိုပါ လယ်သမားကြီးက ဆိုသည်။

မတ်ပဲနှင့် ပဲတီစိမ်းကို အများစုက အောက်တိုဘာလအတွင်း စတင်စိုက်ပျိုးကြပြီး တစ်ဧကလျှင် ၅တင်းမှ ၂၀တင်းအထိ ထွက်ရှိလေ့ ရှိသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly