မိသားစု သုံးဦး ချောင်းရေထဲမျောပါ သေဆုံး

မိသားစု သုံးဦး ချောင်းရေထဲမျောပါ သေဆုံး

အောက်တိုဘာ ၁၃။        ။ မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ညောင်ကျပ္ပင်ရွာ အနောက်တောင် (၁) မိုင်ခန့်အကွာ ၁၀ပေခန့် အကျယ်ရှိ တည်ပင်အောင်းရိုးချောင်းတွင် အောက်တိုဘာ ၁၂ရက် နေ့ညနေ၄နာရီခွဲ အချိန်ခန့်က မိသားစု(၃)ဦး ချောင်းရေထဲမျောပါ သေဆုံးသွားကြောင်း ယနေ့ အောက်တိုဘာ ၁၃ရက်နေ့တွင် နတ်မောက်မြို့မ ရဲစခန်းမှ အတည်ပြုသည်။

ညောင်ပင်ကျပွင်ကျေးရွာနေ ကိုသန်းလှိုင်တို့မိသားစု(၄)ဦးသည် ၁၀ပေခန့် အကျယ်ရှိ တည်းပင်အောင်းရိုးချောင်းအား ဖြတ်ကူးရာ ဖခင်တစ်ဦးသာ လွတ်မြောက်ခဲ့ပြီး မိခင်နှင့် ကလေးနှစ်ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။

ဖခင်ဖြစ်သူ ကိုသန်းလှိုင် အသက် (၃၀) နှစ် မှာ နွားမအုပ်ဖြင့်ဖြတ်ကူးပြီး မိခင် မသန်းဝေ အသက် (၂၉) နှစ် နှင့် သမီး မတင်တင်အေး (ခ) မနွေဦး အသက် (၁၀) နှစ် သုံးတန်းကျောင်းသူနှင့်   မောင်သိန်းသန်းဝေ အသက် (၃) နှစ် တို့သည် ၎င်းချောင်းအား နွားလှည်းဖြင့်ဖြတ်ကူးစဉ် ရုတ်တရက် မိုးရွာချစဉ် ရေလုံးထိုးကျလာပြီး နွားလှည်းနှင့်အတူ မျောပါသွားခဲ့ ကြောင်း သိရသည်။

မိခင်နှင့်သမီးဖြစ်သူအား လိုက်လံဝိုင်းဝန်းဆယ်ယူ ရရှိခဲ့သော်လည်း သားဖြစ်သူနှင့် နွားထီးတစ်ကောင်မှာ ပျောက်ဆုံးသွားခဲ့သည်၊ မိခင်ဖြစ်သူနှင့် သမီးဖြစ်သူမှာလည်း ည (၈)နာရီ အချိန်ခန့်တွင် ဆေးရုံသို့အသွားလမ်းတွင် သေဆုံး သွားကြောင်း နတ်မောက်မြို့မရဲစခန်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ရဲဇော်ထိုက်ကပြောသည်။

ယနေ့အောက်တိုဘာ ၁၃ ရက်နေ့ နံနက် (၈)နာရီခန့်တွင် သားဖြစ်သူကို အခင်းဖြစ်သည့်နေရာနှင့် (၂) ဖာလုံခန့်အကွာတွင် သေဆုံးလျှက်တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly