ဖိလစ်ပိုင်သမ္မတဒူတာတေးနှင့် မင်းသားစတီဗင်ဆီးဂဲလ်တို့တွေ့ဆုံ

ဖိလစ်ပိုင်သမ္မတဒူတာတေးနှင့် မင်းသားစတီဗင်ဆီးဂဲလ်တို့တွေ့ဆုံ

 

အက်ရှင်ဇာတ်ကားများနှင့် နာမည်ကျော်ကြားသော အမေရိကန်မင်းသား စတီဗင်ဆီးဂ်လဲသည် ဖိလစ်ပိုင် သမ္မတ ရိုဒရီဂိုဒူတာတေးနှင့် မနီလာမြို့တွင် တွေ့ဆုံခဲ့သည်။

ဖိလစ်ပိုင်အစိုးရရုပ်သံလိုင်း RTVM မှ ထုတ်လွှင့်ခဲ့သော ဗီဒီယိုမှတ်တမ်းထဲ၌ ဆီးဂဲလ်သည် ဒူတာတေးနှင့်အတူ တက်တက်ကြွကြွ စကားပြောနေခဲ့သည်ကို တွေ့မြင်ရသည်။

အသက် ၆၅နှစ်အရွယ် ဆီးဂဲလ်သည် တရားမဝင်မူးယစ်ဆေးဝါးများနှင့် အခြားရာဇဝတ်မှုများအကြောင်းကို နောက်ခံထား၍ရိုက်ကူးမည့် သူ၏ရုပ်ရှင်ဇာတ်ကားအတွက် ဖိလစ်ပိုင်နိုင်ငံသို့ လာရောက်လည်ပတ်ခြင်း ဖြစ်ကြောင်း သမ္မတရုံးမှ ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်ထဲ၌ ဖော်ပြထားသည်။

ရုပ်ရှင်များသည် လက်တွေ့ဘဝမှ အကြောင်းအရာများ ထင်ဟပ်နေကြောင်း ဒူတာတေးက ဆီးဂဲလ်အား ပြောဆိုခဲ့သလို လူသားများကို ကျွန်ပြုနေသော တရားမဝင်မူးယစ်ဆေးဝါးများကို ဆန့်ကျင်သည့် သူ၏ရပ်တည် ချက်ကို ထပ်လောင်းပြောဆိုခဲ့ကြောင်း ထိုထုတ်ပြန်ချက်ထဲ၌ ဖော်ပြထားသည်။

ယခုအပတ်အစောပိုင်းတွင် မနီလာ၌ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ဆီးဂဲလ်က ဖိလစ်ပိုင်နိုင်ငံသည် အန္တရာယ်များသော နေရာတစ်ခုဖြစ်သည်ဟု သူ မထင်ကြောင်း ပြောဆိုခဲ့ဖူးသည်။

“ခေါင်းဆောင်အသစ်ရဲ့ လက်အောက်မှာတိုးတက်လာတဲ့ တိုင်းပြည်တစ်ခုဖြစ်ပါတယ်” ဟု သူ၏ပြောဆိုချက် ကို Philippine Star သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။

ဒူတာတေး၏ အမည်ပြောင်မှာ “The Punisher” ဖြစ်ပြီး ဒါဗာအိုမြို့၌ မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ စဉ်ကတည်းက မူးယစ်ဆေးဝါးအမှုများနှင့် ပက်သက်၍ နည်းနည်းမှသည်းမခံတတ်သော သူ၏အကျင့်ကြောင့် ထင်ရှားသူတစ်ဦးဖြစ်သည်။

ကိုယ်ခံပညာနည်းပြဟောင်းတစ်ဦးဖြစ်သူ ဆီးဂဲလ်သည်လည်း ၁၉၉၀ ခုနှစ်များကထွက်ရှိခဲ့သော Under Siege နှင့် Hard To Kill တို့ကဲ့သို့သော ဝက်ဝက်ကွဲအောင်မြင်သည့် ရုပ်ရှင်များကြောင့် ထင်ရှားသူတစ်ဦးဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly