ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး မြန်မာနိုင်ငံသို့လာရောက်၍ ဘင်္ဂါလီများနေရပ်ပြန်ပို့ရေး ဆွေးနွေးမည်

ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး မြန်မာနိုင်ငံသို့လာရောက်၍ ဘင်္ဂါလီများနေရပ်ပြန်ပို့ရေး ဆွေးနွေးမည်

ဒါကာ အောက်တိုဘာ၁၃ ။           ။ ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး အာဆက်ဒူဇာမန်းခန်း မြန်မာနိုင်ငံသို့ အောက်တိုဘာလ ၂၃ ရက်နေ့တွင် လာရောက်မည်ဖြစ်ပြီး ဘင်္ဂါလီများ နေရပ်ပြန်ပို့ရေး ကိစ္စအတွက် မြန်မာအစိုးရနှင့် ဆွေးနွေးသွားမည်ဟု ဆိုသည်။

ပြီးခဲ့သည့်လအတွင်း ရခိုင်ပြည်နယ်အတွင်း၌ အကြမ်းဖက်သမားများကို တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာ ဘင်္ဂါလီသိန်းနှင့်ချီ၍ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးသွားခဲ့သည်။

မြန်မာအစိုးရနှင့်ဆွေးနွေးသွားမည့် သူ၏အဓိကအစီအစဉ်မှာ ဘင်္ဂါလီများကို နေရပ်သို့လျင်မြန်စွာပြန်ပို့ရေး ဖြစ်ကြောင်း အာဆက်ဒူဇာမန်းခန်းက မီဒီယာများသို့ပြောကြားခဲ့သည်။

ပြည်ထဲရေးဝန်ကြီးသည် ဗျူရိုကရက်အရာရှိများနှင့် ရဲအရာရှိများအပါအဝင် အဆင်မြင့်အရာရှိ ၉ ဦးခန့်ပါဝင် သော ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သွားရန် စီစဉ်ထားသည်။

“ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကြားမှာရှိတဲ့ ပြသနာ အားလုံးကို ကျနော်တို့ဖြေရှင်းချင်ပါတယ်။ ဒါပေမယ့် အဓိကဆွေးနွေးမယ့် အစီအစဉ်ကတော့ ဘင်္ဂါလီတွေအား လုံးကို နေရပ်ပြန်ပို့ပေးရေးပဲဖြစ်ပါတယ်” ဟု ခန်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ဘင်္ဂါလီများအိုးအိမ်စွန့်ခွာထွက်ပြေးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ နောက်တစ်ကြိမ်ပြန်လည် ခိုဝင်မလာစေဖို့ ရခိုင်ပြည်နယ်အတွင်း၌ လုံခြုံဘေးကင်းသော ပတ်ဝန်းကျင်တစ်ခုကို ဘင်္ဂါလီများအတွက် ဖန်တီးပေးရန် မြန်မာ အစိုးရကို သူကိုယ်တိုင် မေတ္တာရပ်ခံသွားမည်ဟု ပြည်ထဲရေးဝန်ကြီးက ပြောခဲ့သည်။

“ ကျနော် သွားရောက် ဆွေးနွေးပြီးတာနဲ့ အခြေအနေတွေ တိုးတက်လာမယ်လို့ မျှော်လင့်ပါတယ်” ဟု ခန်းက ပြောခဲ့သည်။

အခြားမေးမြန်းချက်များနှင့်ပက်သက်၍ ခန်းက “ ဘင်္ဂါလီ(ရိုဟင်ဂျာ)တွေနေထိုင်တဲ့ ရခိုင်ပြည်နယ်က အခြေအနေတွေကို ကြည့်ရှုဖို့အတွက် အဲ့ဒီဒေသကို ကျနော်တို့သွားရောက်ချင်ပါတယ်” ဟု ပြောခဲ့ပြီး မြန်မာအစိုးရက သူတို့ကိုယ် စားလှယ်အဖွဲ့ကို ရခိုင်ပြည်နယ်သို့ သွားရောက်ခွင့်ပေးမှသာ ထိုဒေသသို့ သွားမည်ဖြစ်ကြောင်း သူက ဖြည့်စွက် ပြောကြားခဲ့သည်။

အစောပိုင်းက မြန်မာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ ဝန်ကြီးဦးကျော်တင့်ဆွေသည် ဒါကာမြို့သို့ သွားရောက်ခဲ့ သည့် ခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှ ဘင်္ဂါလီများကို ပြန်လည်ခေါ်ယူဖို့ သဘောတူ ခဲ့သည်။

Ref: India Today

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly