အောက်တိုဘာ ၁၃ ။ ။ ရခိုင်အရေးနဲ့ပတ်သက်လို့ မြန်မာအစိုးရကို တိုက်ရိုက်ပြစ်တင်ပြောကြားဖို့ သြစတြေးလျ အစိုးရက ပယ်ချငြင်းဆန်သွားခဲ့ပါတယ်။ မြန်မာစစ်တပ် တပ်ဖွဲ့ဝင်တွေဘက်က ဘင်္ဂါလီ (ရိုဟင်ဂျာ) မွတ်ဆလင်တွေအပေါ် ဆက်ပြီးတော့ ဖိနှိပ်နေပါတယ်ဆိုပြီး ဖော်ပြထားတဲ့ ကုလအစီရင်ခံစာသစ်တစ်ရပ် ထွက်ပေါ်လာပြီးနောက်ပိုင်း ယခုလို မြန်မာကို ပြစ်တင်ဖို့ သြစတြေးလျဘက်က ငြင်းဆန်သွားခဲ့တာဖြစ်ပါတယ်။
ယခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ဒါမှမဟုတ် မြန်မာစစ်တပ်အပေါ် ပြစ်တင်ဖို့ အချိန်တန်ပြီလားဆိုပြီး Fairfax Media က မေးမြန်းခဲ့တဲ့အခါမှာ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဂျူလီ ဘစ်ရှော့ပ်က ယင်းမေးခွန်းကို ရှောင်ရှားဖြေဆိုသွားခဲ့ပါတယ်။
ကုလ လူ့အခွင့်အရေး ရုံးက အစီရင်ခံစာတစ်ရပ် ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ သြဂုတ်လနောက်ပိုင်း ရခိုင်ကို စွန့်ခွန်ထွက်ပြေးခဲ့ကြတဲ့ ဘင်္ဂါလီတွေရဲ့ သက်သေခံထွက်ဆိုချက်တွေကို အသေးစိတ်ဖော်ပြထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ယင်းအစီရင်ခံစာထဲမှာလည်း မြန်မာအစိုးရကိုလည်း ရက်စက်မှုတွေ ရပ်ဆိုင်းဖို့ တောင်းဆိုကြောင်းလည်း ဖော်ပြထားပါတယ်။
ယင်း ဘင်္ဂါလီတွေ ထွက်ဆိုထားတယ်ဆိုတဲ့ သက်သေခံချက်တွေ ပါတဲ့ အစီရင်ခံစာထွက်ပြီး နာရီပိုင်းအကြာမှာပဲ မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၎င်းရဲ့ တပ်ဖွဲ့ဝင်တွေဘက်က ကျူးလွန်ထားခဲ့တယ်ဆိုတဲ့ စွဲချက်တွေနဲ့ပတ်သက်ပြီး လက်သင့်မခံဘဲ ပယ်ချသွားခဲ့ပါတယ်။
ရခိုင်ပြည်နယ် မောင်တောဒေသမှာ ပြီးခဲ့တဲ့လ ၂၅ရက်နေ့က စတင်ပြီး ARSAအကြမ်းဘက်အဖွဲ့က တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ပြီးနောက်ပိုင်း တပ်မတော်က နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်ခဲ့တာကြောင့် ဘင်္ဂါလီတွေ သိန်းနဲ့ချီပြီး နိုင်ငံထဲက ထွက်ပြေးသွားခဲ့ကြတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။