မြန်မာ့ရုပ်ရှင်နေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ရုပ်ရှင်သက်ကြီးပူဇော်ပွဲ အခမ်းအနား ကျင်းပ

မြန်မာ့ရုပ်ရှင်နေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ရုပ်ရှင်သက်ကြီးပူဇော်ပွဲ အခမ်းအနား ကျင်းပ
ဓာတ်ပုံ-သူရ/မဇ္ဈိမ
 

ရန်ကုန် အောက်တိုဘာ ၁၃ ။         ။ မြန်မာ့ရုပ်ရှင်နေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ၅၄ ကြိမ်မြောက်၊ ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနား ကို ယနေ့ အောက်တိုဘာ ၁၃ ရက်နေ့၊ နံနက်ပိုင်း က ရန်ကုန်မြို့၊ကမ္ဘာအေးဘုရားလမ်းရှိ နှင်းဆီကုန်း ဘိုးဘွားရိပ်သာတွင် ပြုလုပ်ခဲ့သည်။

ယင်းအခမ်းအနားသည် အသစ်ပြန်လည်ရွေးခြယ်ခံ ရသည့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရွေးကောက်ပွဲအပြီး ပထမဆုံး ကျင်းပသည့် အခမ်းအနားဖြစ်ပြီး၊ နှင်းဆီကုန်းဘိုးဘွားရိပ်သာတွင် ပထမ ဆုံး စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည့်ပွဲလည်း ဖြစ်သည်။

"ပထမဆုံးကျေးဇူးတင်မိတာကတော့ ကျွန်တော်တို့ ကို ဒီပွဲကြီးနဲ့ ကြုံကြိုက်အောင်လို့ အမြော်အမြင် ရှိရှိနဲ့ ရွေးကောက်ပွဲကို စောပြီးကျင်းပပေးခဲ့တဲ့ ဥက္ကဋ္ဌ ဦးလူမင်းနဲ့ အမှုဆောင်အဖွဲ့ဟောင်းတွေကို   ကျေးဇူးတင်ပါတယ်၊ သူတို့က ကျွန်တော်တို့ကို အမှုဆောင်အဖွဲ့သစ် ဖွဲ့လာတဲ့အခါမှာ ပထမဆုံး ဒီပွဲနဲ့ကြုံအောင် စီစဉ်ပေးခဲ့တာ၊ ဝမ်းလည်းသာ တယ်၊ မိဘဘိုးဘွားမိဘတွေဆီက လက်ဆင့် ကမ်းလာတဲ့ကောင်းမြတ်တဲ့အစဉ်အလာကို ကျွန်တော်တို့လက်ထဲကို လက်ဆင့်ကမ်းတယ်၊ ကျွန်တော်တို့ကလည်း ဒါကိုတည်တံ့ခိုင်မြဲအောင် လုပ်ဆောင်သွားမယ်၊ ကျွန်တော်တို့ရဲ့မျိုးဆက် များကလည်း ဗုဒ္ဓတရားနဲ့အညီကောင်းမြတ်တဲ့ အစဉ်အလာကို ဆက်လက်ထိန်းသိမ်းဖို့လို့တယ်" ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌသစ် ဦးဇင်ဝိုင်း က ပြောသည်။

၁၉၂၀ ခုနှစ် မြန်မာရုပ်ရှင်ပေါ်ကစကပင် အောက်တိုဘာ ၁၃ ရက်နေ့ကို မြန်မာ့ရုပ်ရှင်နေ့ အဖြစ် သတ်မှတ်ခဲ့ကြပြီး ယင်းနေ့မှာပင် ရုပ်ရှင် လောကသက်ကြီးပူဇော်ပွဲကို အစဉ်အလာမပျက် ကျင်းပခဲ့သည်။

"အရမ်းကြည်နူးပီတိဖြစ်ရပါတယ်၊ နောင်တစ်ချိန် မှာ ဒီကလေးတွေကလည်း ကန်တော့ခံကြရဦး မယ်။ သူတို့လည်း ပီတိဖြစ်ကြမှာပဲ၊ ဒီနှစ်ကတော့ ဒီဘိုးဘွားရိပ်သာမှာ ပထမဆုံးလုပ်တာဆိုတော့ လေ ပိုပြီး တရားရမိတယ်" ဟု အကန်တော့ခံ အကယ်ဒမီဒေါ်ချိုပြုံးက ပြောသည်။

"ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေ၊ ကိုယ့်မိတ်ဆွေတွေနဲ့ ဒီပွဲမှာ ပြန်တွေ့ရတော့ ဝမ်းသာတယ်၊ အားလုံး တက်တက်ကြွကြွ လုပ်နေတာတွေ့ရတော့ ဂုဏ် လည်း ဂုဏ်ယူပါတယ်၊ စိတ်လည်းချမ်းသာတယ်၊ ရုပ်ရှင်လောကက အရမ်းကောင်းသွားပြီ၊ တို့တုန်း က အခက်အခဲတွေ အများကြီး၊ ကျော်လွှားခဲ့ ကြရတာ၊ ဒီလိုအခြေအနေဖြစ်လာဖို့ တို့တွေ အများ ကြီး သည်းခံခဲ့ရတာ" ဟု အကယ်ဒမီညွန့်ဝင်းက ပြောသည်။

အခမ်းအနားတွင် ရုပ်ရှင်လောက ဘိုးဘွား ၁၆၂ ဦးကို ပူဇော်ကန်တော့ခဲ့ကြသည်။ ထို့နောက် နေ့လည်ပိုင်းတွင် ရုပ်ရှင်လောကသားများ၏ စတုဒိတာမဏ္ဍပ်များတွင်လည်း စားသောက် ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ပြန်ကြားရေး ဝန်ကြီးဋ္ဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဝင်များ၊ ရုပ်ရှင်သရုပ်ဆောင် များနှင့် အနုပညာရှင်လောက အလွှာအသီးသီးက ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly