တရုတ်နိုင်ငံသား ၃ ဦးငှားရမ်းနေထိုင်သည့် အိမ်တစ်လုံး မီးလောင်

တရုတ်နိုင်ငံသား ၃ ဦးငှားရမ်းနေထိုင်သည့် အိမ်တစ်လုံး မီးလောင်
 ဓာတ်ပုံ၊မင်းသန့်

မန္တလေး၊အောက်တိုဘာ ၁၃ ။         ။ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သိပ္ပံလမ်းတောင်ဘက်၊ ၆၆လမ်းနှင့်၆၇လမ်းကြား၊ သဇင်လမ်းနှင့် ရတနာအောင်မြေလမ်းကြားတွင် အောက်တိုဘာလ ၁၃ရက်၊ နံနက် ၉ နာရီက တရုတ်နိုင်ငံသား ၃ ဦးငှားရမ်းနေထိုင်သည့်  အိမ်တစ်လုံး မီးလောင်ခဲ့သည်။

ရေခဲသေတ္တာ အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့သည်ဟု လတ်တလော မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပြီးမီးလောင်ကျွမ်းမှုကြောင့် RC နှစ်ထပ် ၁ လုံး၊ ဆိုင်ကယ် ၂စီး ဆုံးရှုံးခဲ့သည်။  မီးလောင်မှုနှင့် ပတ်သက်ပြီး အရေးယူမှုများပြုလုပ်ရန် အိမ်ငှား နေထိုင်သည့် တရုတ်နိုင်ငံသားနှင့် အိမ်ရှင်ကို ချမ်းမြသာစည်မြို့နယ်ရဲစခန်းတွင် သက်ဆိုင်ရာအဖွဲ့အစည်းများက စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

"ကျွန်မတို့က ဟိုတယ်နဲ့ တည်းခိုးခန်းတွေတော့ နိုင်ငံခြားသားနေထိုင်မှုရှိမရှိ စစ်ဆေးပါတယ်။ ရပ်တွေထဲတော့ မစစ်ဆေးပါဘူး။"ဟု မီးလောင်ကျွမ်းမှုစာရင်းများ လိုက်လံကောက်ယူနေသည့် ချမ်းမြသာစည်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးကပြောသည်။

အဆိုပါ မီးလောင်သည့်နေရာသို့ လာရောက်စစ်ဆေးသည့် ချမ်းမြသာစည်မြို့နယ်၊ လဝကမှ အရာရှိတစ်ဦးကလည်း"ကျွန်တော်တို့ဆီတော့ အကြောင်းကြားထားတာမရှိသေးဘူး။   သေချာမေးပြီးမှ သိရပါမယ်"ဟုပြောသည်။

ချမ်းမြသာစည်မြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက"ဥပဒေအတိုင်းပဲ အရေးယူရမှာပေါ့"ဟုပြောသည်။

တရုတ်နိုင်ငံသား ၃ ဦးမှာ အဆိုပါ မီးလောင်သည့် အိမ်တွင် ငှားရမ်းနေထိုင်ခဲ့သည်မှာ တစ်နှစ်ခန့်ရှိနေပြီး လက်ရှိတွင် တစ်ဦးမှာ နေရပ်ပြန်သွားခြင်းကြောင့် နှစ်ဦးသာနေထိုင်လျှက်ရှိသည်ဟုသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly