ကမ္ဘာပေါ်က အမြင့်ဆုံးဆုတွေကို ရယူနိုင်ခဲ့တဲ့ တစ်ဦးတည်းသော ဘောလုံးသမား

ကမ္ဘာပေါ်က အမြင့်ဆုံးဆုတွေကို ရယူနိုင်ခဲ့တဲ့ တစ်ဦးတည်းသော ဘောလုံးသမား

သူကတော့ ဘရာဇီးကွင်းလယ် ဖန်တီးရှင်ဟောင်း ရော်နယ်ဒင်ဟိုပဲ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းနဲ့ ဥရောပမြေကို ပထမဆုံး ခြေချခဲ့ပြီး ဘာစီလိုနာအသင်းနဲ့   အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ ရော်နယ်ဒင်ဟိုဟာ ဘောလုံးကျွမ်းကျင်မှုမြင့်မားပြီး နည်းစနစ်ပိုင်း ကောင်းမွန်လှသူ ဖြစ်ပါတယ်။

သူ့ရဲ့ လှပ ညက်ညောတဲ့ ဘောလုံးကစားဟန်က ပရိသတ်တွေကို အလွန်ဆွဲဆောင်နိုင်ခဲ့ပါတယ်။ အခုအချိန်မှာ အသက် ၃၇ နှစ်ရှိနေပြီဖြစ်တဲ့ ရော်နယ်ဒင်ဟိုဟာ ဘောလုံးလောကထဲက အမြင့်ဆုံးဆိုတဲ့ ဆုတွေကို ရခဲ့သူပါ။

ဘရာဇီ်းအသင်းနဲ့အတူ ကမ္ဘာ့ဖလား(၂၀၀၂)၊ ကိုပါအမေရိကဖလား(၁၉၉၉)နဲ့ကွန်ဖက်ဒရေးရှင်းဖလား(၂၀၀၅)တွေကို ရယူနိုင်ခဲ့ပြီး ဘာစီလိုနာအသင်းနဲ့အတူ ချန်ပီယံလိဂ်ဆုဖလားကို ၂၀၀၅-၀၆ မှာ ရယူခဲ့ပါတယ်။ ၂၀၀၄၊ ၂၀၀၅ ခုနှစ်တွေက ရော်နယ်ဒင်ဟိုရဲ့ အကောင်းဆုံးအချိန်တွေဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု Ballon d’Or ဆုကို ရရှိခဲ့ပါတယ်။

ဥရောပကနေ အမိမြေဘရာဇီးကို ပြန်သွားတော့လည်း အက်သလက်တီကိုမင်နဲရိုးအသင်းနဲ့အတူ ၂၀၁၃ ခုနှစ်မှာ ကိုပါလီဘာတာဒိုရက်စ်ဖလားကိုရခဲ့ပါတယ်။ ဒီဖလားက ချန်ပီယံလိဂ်ဖလားလိုပဲ တောင်အမေရိကတိုက်ရဲ့ အမြင့်ဆုံးကလပ်အသင်းပြိုင်ပွဲဆုဖလားဖြစ်ပါတယ်။

ကမ္ဘာ့ဖလား၊ ကိုပါအမေရိကဖလား၊ ကွန်ဖက်ဒရေးရှင်ဖလား၊ ချန်ပီယံလိဂ်ဖလား၊ ကိုပါလီဘာတာဒိုရက်စ်ဖလားနှင့် ဖီဖာကမ္ဘာ့ အကောင်းဆုံးဘောလုံးသမားဆုတွေကို ဘယ်ကစားသမားမှ မရခဲ့ဖူးပါဘူး။ ရော်နယ်ဒင်ဟိုဟာ ကမ္ဘာ့ဘောလုံးလောကမှာတော့ အားလုံးအမှတ်ရနေရတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags