အမေရိကန်သံဝန်ထမ်းများ တိုက်ခိုက်ခံရမှုကို ကျူးဘားတို့တားဆီးပေးနိုင်ကြောင်း ထရမ့်၏ကိုယ်ရေးအရာရှိ ပြောကြား

အမေရိကန်သံဝန်ထမ်းများ တိုက်ခိုက်ခံရမှုကို ကျူးဘားတို့တားဆီးပေးနိုင်ကြောင်း ထရမ့်၏ကိုယ်ရေးအရာရှိ ပြောကြား

 

ဝါရှင်တန်၊ အောက်တိုဘာ ၁၃ ။                ။ သမ္မတဒေါ်နယ်ထရမ့်၏ ကိုယ်ရေးအရာရှိဖြစ်သော အိမ်ဖြူတော်အကြီးအကဲ ဂျွန်ကယ်လီက ကျူးဘားနိုင်ငံရှိ အမေရိကန်သံရုံးမှ သံဝန်ထမ်း ၂၂ဦး အသံလှိုင်းလက်နက်ဖြင့် တိုက်ခိုက်ခံရမှုနှင့်ပက်သက်၍ မေးမြန်းခဲ့သော မေးခွန်းအား ဟာဗားနားအစိုးရအနေဖြင့် ဆန္ဒရှိပါက ထိုတိုက်ခိုက်မှုများကို တားဆီးပေးနိုင်သည်ဟု ကြာသပတေးနေ့က   ပြန်လည်ဖြေကြားခဲ့သည်။

ကျူးဘားနိုင်ငံမြို့တော် ဟာဗားနားရှိအမေရိကန်သံရုံးမှဝန်ထမ်းများ ပဟေဠိဆန်စွာ တိုက်ခိုက်ခံခဲ့ရသည့် ဖြစ်ရပ်သည် သမ္မတဟောင်းအိုဘားမားလက်ထက်က တိုးတက်လာသော နှစ်နိုင်ငံကြားရှိ ဆက်ဆံရေး၌ အက်ကြောင်းများ ထင်ဟပ်လာစေနိုင်ကြောင်း အမေရိကန်တို့က စောဒကတက်ခဲ့သည်။

“ကျနော်တို့ရဲ့သံအရာရှိတွေအပေါ်မှာ ကျူးလွန်ခဲ့တဲ့ တိုက်ခိုက်မှုတွေအားလုံးကို ကျူးဘားအစိုးရအနေနဲ့ တားဆီးပေးနိုင်တယ်လို့ ကျနော်တို့ယုံကြည်ပါတယ်” ဟု ဂျွန်ကယ်လီက အိမ်ဖြူတော်၌ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ထရမ့်အစိုးရအဖွဲ့သည် အမေရိကန်သံအရာရှိများ တိုက်ခိုက်ခံရမှု၏နောက်ကွယ်၌ ရာအူးလ်ကတ်စ်ထရိုအစိုးရ ရှိနေသည်ဟု စွပ်စွဲပြောဆိုခဲ့ခြင်းမရှိသော်လည်း ကျူးဘားအစိုးရအနေဖြင့် အမေရိကန်သံအရာရှိများ၏ လုံခြုံ ရေးကို ကာကွယ်ပေးဖို့ ပျက်ကွပ်ခဲ့ကြောင်း ပြောဆိုခဲ့သည်။ လက်ရှိအချိန်တွင် အက်ဖ်ဘီအိုင်သည် အဆိုပါ အမှုကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

အခြားတစ်ဖက်တွင် ကျူးဘားအစိုးရက ၎င်းတို့သည် အဆိုပါတိုက်ခိုက်မှုနှင့်ပက်သက်၍ ကနဦးကတည်းက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေခဲ့ကြောင်းနှင့် မည်သည့်အမှားမှ ကျူးလွန်ခဲ့ခြင်းမရှိကြောင်း ပြောဆိုခဲ့သည်။

ကတ်စထရိုအစိုးရက အမေရိကန်အာဏာပိုင်များအနေဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းမရှိသည့်အတွက် ဝေဖန် ခဲ့ပြီး တိုက်ခိုက်မှုနှင့်ပက်သက်သည့် သတင်းအချက်အလက်များကို မျှဝေခဲ့ခြင်းမရှိကြောင်း ပြောဆိုခဲ့သည်။

အမေရိကန်တို့သည် နိုင်ငံအတွင်းရှိ ကျူးဘားသံတမန် ၁၅ဦးကို ထုတ်ပယ်ရန် ပြီးခဲ့သောအပတ်က အမိန့်ပေးခဲ့ ပြီး ကျူးဘားအစိုးရသည် အဖြေရှာမရသော ပဟေဠိဆန်သည့် တိုက်ခိုက်မှုများအတွင်း အမေရိကန်သံတမန် များကို အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့သည်ဟုလည်း စွပ်စွဲပြောဆိုခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly