အာဏာရပါတီကြောင့် ရွေးကောက်ပွဲမထိခိုက်ရေး NLD စောင့်ကြည့်နေဟုဆို

အာဏာရပါတီကြောင့် ရွေးကောက်ပွဲမထိခိုက်ရေး NLD စောင့်ကြည့်နေဟုဆို

ရန်ကုန်(မဇ္ဈိမ) ။ ။ အာဏာရ ပြည်ခိုင်ဖြိုးပါတီအတွင်း အပြောင်းအလဲများကြောင့် ရွေးကောက်ပွဲထိခိုက်မှုမရှိရေး အတိုက်အခံပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သတိထားစောင့်ကြည့်နေသည်ဟု ပါတီဗဟို အလုပ်အမှုဆောင် ဦးထွန်းထွန်းဟိန်က မဇ္ဈိမကိုပြောသည်။

"USDP အာဏာရပါတီတစ်ခုခုဖြစ်ရင် နိုင်ငံလည်းတစ်ခုခုဖြစ်နိုင်တယ်၊ ကျန်တဲ့အပိုင်းတွေ ရိုက်ခက်မှုရှိနိုင်တယ်၊ ဒါကို စီအီးစီအစည်းအဝေးမှာ ဆွေးနွေးကြရတယ်။ အဲဒီတော့ ဒီထက်ပိုပြီး ဘယ်လိုတွေဆက်ဖြစ်လာနိုင်လဲ ဆိုတာကို ပါတီကနေ ဆက်ပြီးသတိထားစောင့်ကြည့်ဖို့ စီအီးစီကဆွေးနွေးထားတယ်" ဟု ၎င်းကဆိုသည်။

သြဂုတ်လ ၁၂ရက် ညပိုင်းတွင်းဖြစ်ပေါ်ခဲ့သည့် လက်နက်ကိုင်အင်အားသုံးကာ ရာထူအပြောင်းအလဲ ပြုလုပ်သည့် ဖြစ်စဉ်များကြောင့် ပြည်သူများအကြား အထိန့်တလန့်ဖြစ်သည့်အပြင် တစ်ခြားနိုင်ငံရေးပါတီများ ကလည်းရွေးကောက်ပွဲပြုလုပ်မည့် အပေါ်ထိခိုက်လာမည်ကို စိုးရိမ်ခဲ့ကြသည်ဟု ဦးထွန်းထွန်းဟိန်က ပြောသည်။

ပြည်ခိုင်ဖြိုးပါတီသည် သြဂုတ်လ ၁၂ရက် ညပိုင်းတွင် ဥက္ကဋ္ဌ နှင့် အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူ ထားသည့် ဦးရွှေမန်းနှင့် ဦးမောင်မောင်သိမ်း အပါအဝင် ဗဟိုအလုပ်အမှုဆောင် ၁၀ဦးကျော်ကို တာဝန်မှအနား ပေးပြီး ပါတီဝင်၊ ဗဟိုကော်မတီဝင်တို့ အဖြစ်သာ ဆက်လက်ထားရှိခဲ့သည်။

"အခုကဦးရွှေမန်းကို လွှတ်တော်နေရာကပါ ဖယ်ဖို့မြင်နေတယ်၊ ကော်မရှင်လုပ်တာက သက်သေပဲ၊ အဲဒါအပြင် တစ်ခြားတစ်ခုခုနဲ့လည်း ဖယ်နိုင်တယ်။ အဲဒီကနေတစ်ဆင့် ရွေးကောက်ပွဲကို ထိခိုက်နိုင်မလား၊ အချိန်စွဲမလား၊ ဒါတွေစိုးရိမ်ရတယ်။ အဲဒီလိုဖြစ်ရင် ပြည်သူက ရွေးကောက်ပွဲဆိုတာကို ယုံကြည်တော့မှာမဟုတ်ဘူး" ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်ပြောရေဆိုခွင့်ရှိသူ ဦးအေးသာအောင်က ဆိုသည်။

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ နေရာမှ ဖယ်ရှားခံရပြီး ၂ရက်အကြာတွင်ပင် ဦးရွှေမန်းကိုယ်တိုင် ၎င်း၏လူမှုကွန်ယက် စာမျက်နှာမှတစ်ဆင့် ဆက်လက်တွေ့ဆုံနိုင်သည့် အခြေအနေကို "အခက်အခဲထက် အန္တရာယ်များစွာ ကျရောက်လာအောင် ဖန်တီးလုပ်ဆောင်မှုများ ပေါ်ပေါက်လာနိုင်မည်ဟုလည်း ကြိုတင်သုံးသပ်မိခဲ့ပါသည်" ဟုရေးသားခဲ့သည်။

၂၀၁၅ခုနှစ်ရွေးကောက်ပွဲကိုမူ သက်မှတ်ထားသည့် ရက်တွင်သာ ကျင်းပရန် သတ်မှတ်ထားပြီး ရွှေ့ပြောင်းရန် အတွက် ကော်မရှင်အတွင်းဆွေးနွေးမှုများမရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးညွှန့်တင်က မဇ္ဈိမကိုပြောထားသည်။

၂၀၁၅ခုနှစ်ရွေးကောက်ပွဲကို ပြည်ခိုင်ဖြိုးက လွှတ်တော်နေရာအားလုံးနီးပါးဖြစ်သည့် ၁၁၃၉နေရာဝင်ရန် ပြင်ဆင်ထားပြီး အတိုက်အခံပါတီ NLD ကလည် လွှတ်တော်နေရာအားလုံးနီးပါး ဝင်ရန် ပြင်ဆင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly