မကွေးရဲစခန်းမှ အချုပ်ခန်းဖောက်ပြေးသူ ၆ ဦး အနက် ၁ဦး ဖမ်းမိ

မကွေးရဲစခန်းမှ အချုပ်ခန်းဖောက်ပြေးသူ ၆ ဦး အနက် ၁ဦး ဖမ်းမိ

အောက်တိုဘာ၁၂ ။            ။ မကွေးမြို့ မြို့မရဲစခန်း မှ အချုပ်ခန်း ဖောက်ထွက်ပြေးသူ(၆)ဦးအနက် တစ်ဦးကို အောက်တိုဘာ ၁၁ရက်နေ့ ညပိုင်းက ဖမ်းဆီးရမိကြောင်း မကွေးမြို့မရဲစခန်းမှ သိရသည်။

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ ၊မြို့မရဲစခန်း အချုပ်ခန်းအမှတ်(၆)ရှိ အချုပ်ကျ အချုပ်သမား(၆)ဦးသည် အောက်တိုဘာ ၁၁ရက်နေ့ နံနက်ပိုင်းကအချုပ်ခန်းဖောက်ကာ ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။

“မနေ့က ည ၇နာရီ၃၀မိနစ်ခန့်လောက်မှာ ကြိုတင်သတင်းရလို့ မကွေးမြို့ အလယ်ချောင်းကျေးရွာကို နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်အောင်ထက်သူနဲ့အဖွဲ့ကို စေလွှတ်လိုက်တယ်၊ည ၈နာရီ၃၀ မိနစ်ခန့်လောက်မှာ တရားခံပြေး သိန်းမင်းထိုက်က သူရဲ့အမေ နေထိုင်တဲ့ နေအိမ်ကို လာနေတဲ့ အချိန် ဖမ်းဆီးရမိပါတယ်  ”ဟု မကွေးမြို့မရဲစခန်း စခန်းမှူးဒုရဲမှူး ဝင်းကျော်က ပြောသည်။

ယခု ဖမ်းဆီးရမိသော တရားခံပြေးမှာ (ပ)၃၄/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ၃၇၆/၃၃၆/၁၁၄ အမှုမှ တရားခံ သိန်းမင်းထိုက် (၁၈နှစ် (ဘ)ဦးဝင်းနိင် )အလယ်ချောင်းကျေးရွာ နေထိုင်သူ ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့အဖွဲ့ ည၇နာရီခွဲလောက် အလယ်ချောင်းရွာကိုရောက်တယ်။ သူအမေအိမ်နား ကင်းပုန်းစောင့်ကြည့်နေပါတယ်။ ည ၈နာရီခွဲလောက် တရားခံပြေးက သူအမေအိမ်ကို ရောက်လာတယ်။ အေးအေးဆေးဆေး အဖမ်းခံပါတယ်”  ဟု နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်အောင်ထက်သူက မဇ္ဈိမသို့ ပြောသည်။

အချုပ်ခန်းဖောက် ထွက်ပြေးနေသူများမှာ စကုမြို့နယ် မင်းရွာနေ ဘိုဘိုလတ် အသက်၂၈နှစ်၊ မကွေးမြို့ အထက်ပွဲကြိုရပ်နေ စိုင်းသီဟ ၂၁နှစ်၊မကွေးမြို့ မြင်ကွန်းကျေးရွာနေ ချစ်ကို ၂၄နှစ်၊မကွေး ယင်းဆိပ် ကျောင်းတော်ဦးကျေးရွာနေ အောင်ဇော်လင်း ၂၈နှစ်၊မကွေးမြို့ အလယ်ချောင်းကျေးရွာနေ သိန်းမင်းထိုက် ၁၈နှစ်၊ မကွေးမြို့ သစ်ရာကောက်ကျေးရွာနေ ခိုင်စိုး ၂၈နှစ်တို့ဖြစ်ကြောင်း မြို့မရဲစခန်းမှ သိရသည်။

ယင်းဖြစ်စဉ်နှင့်ပါတ်သက်၍ အချုပ်ခန်းတာဝန်ကျခဲ့သော ဒုရဲအုပ်အောင်ကျော်မင်းအပါအဝင် ကင်းမှုးကင်းသား(၈)ဦးအား မကွေးမြို့မရဲစခန်း အချုပ်ခန်းတွင်ဖမ်းဆီးထားပြီး ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေဖြင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly