ရွှေတိဂုံစေတီအနီး ဈေးရောင်း၍ နှင်ထုတ်ခံရသူကို NLD က ငွေကျပ် ရသိန်းခွဲ လှူဒါန်း

ရွှေတိဂုံစေတီအနီး ဈေးရောင်း၍ နှင်ထုတ်ခံရသူကို NLD က ငွေကျပ် ရသိန်းခွဲ လှူဒါန်း
(ဓာတ်ပုံ- NLD)

နေပြည်တော်(အောက်တိုဘာ ၁၂ရက်၊ ၂၀၁၇ခုနှစ်)။ ။ အထင်ကရ စေတီတစ်ဆူအနီး ငုံးဥပြုတ်ရောင်းနေစဉ် နှင်ထုတ်ခံရသည့် အသက်(၆၀)အရွယ် အစ္စလာမ်ဘာသာဝင် အမျိုးသားကြီးတစ်ဦးအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ဗဟိုအမျိုးသမီးကော်မတီက လူသားချင်းစာနာသောအားဖြင့် အလှူငွေ ကျပ် ၇သိန်း၊ ၅သောင်းကို ပါတီရုံးချုပ်တွင် ယနေ့လှူဒါန်းလိုက်သည်။

“ဒီလှူဒါန်းမှုနဲ့ ပတ်သက်လို့ကတော့ ဒါဟာ လူသားချင်းစာနာတဲ့ ခံစားချက်မျိုးနဲ့ ဗဟိုအမျိုးသမီးကော်မတီက ပေးလိုက်တာ။ လူသားအားလုံးဟာ ဘာသာတူတူ၊ မတူတူ သက်ကြီးရွယ်အိုတစ်ယောက်မှာ ခံစားရတဲ့စိတ်ကတော့ အားလုံးတူတယ်ဆိုတဲ့ စာနာမှုနဲ့ ကျွန်မတို့ ပေးအပ်လိုက်တာပါ” ဟု ဗဟိုအမျိုးသမီးကော်မတီအဖွဲ့ဝင်ဖြစ်သူ အိမ်မဲမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဒေါ်သန္တာက မဇ္ဈိမကို ပြောသည်။

အောက်တိုဘာ ၅ရက်၊ သီတင်းကျွတ်လပြည့်နေ့က ရွှေတိဂုံစေတီတော်၊ အရှေ့ဘက်မုခ်တွင် ရာပေါင်းများစွာသော ဈေးသည်များနည်းတူ ငုံးဥပြုတ်ရောင်းနေသည့် အစ္စလာမ်ဘာသာဝင် ဦးအောင်သန်းအား မျိုးချစ်အမည်ခံ သံဃာနှစ်ပါးနှင့် လူနှစ်ဦးတို့က ဘာသာရေးအကြောင်းပြကာ ဈေးဆက်မရောင်းရန် နှင်ထုတ်ခဲ့ခြင်း ဖြစ်သည်။

လူမှုကွန်ယက်ဖေ့စ်ဘွတ်တွင် တိုက်ရိုက်လွှင့်တင်ပြီး ဈေးဆက်မရောင်းရန် နှင်ထုတ်ခဲ့သည့် အဆိုပါ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ်ကို ဝေဖန်ရှုတ်ချသူများစွာရှိခဲ့ပြီး ဖြစ်စဉ်အပြီး နောက်တစ်ရက်တွင် ဗုဒ္ဓဘာသာဝင်လူငယ်များက ဦးအောင်သန်း၏နေအိမ်သို့ သွားရောက်တောင်းပန်ခဲ့သလို အလှုငွေများလည်း ပေးအပ်ခဲ့သေးသည်။

“ရင်ကြပ်ရောဂါရှိတယ်။ အသက်အရွယ်ကလည်း ကြီးရင့်တယ်။ သူ့ကို လူသားချင်းစာနာတဲ့အနေနဲ့ ရိုးရိုးသားသားပဲ ဒီငွေ ၇သိန်းကို ဆေးကုဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ လှူဒါန်းလိုက်တာပါ” ဟု ယနေ့ လှူဒါန်းမှုအပေါ် ဒေါ်သန္တာက ပြောသည်။

လှူဒါန်းမှုများနှင့်ပတ်သက်၍ ဦးအောင်သန်းက ကျေးဇူးအထူးတင်ကြောင်း၊ သူ့အနေဖြင့် မည်သို့မျှ တုံ့ပြန်မည် မဟုတ်ကြောင်း၊ ဘဝရပ်တည်ရေးအတွက် အရုပ်ရောင်းသည့် အလုပ်ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောဆိုသည်။

လွှတ်တော်သို့ တင်သွင်းလာသော မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ အစီရင်ခံစာများအရ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေသေးကြောင်း၊ ကော်မရှင်က လက်လှမ်းမမီသည့် ဖြစ်စဉ်များကိုလည်း မီဒီယာများကတစ်ဆင့် ကြားသိနေရကြောင်းနှင့် အဆိုပါ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ်များကို ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် များစွာ လုပ်ဆောင်ရဦးမည်ဖြစ်ကြောင်း ဒေါ်သန္တာက သူမ၏ ပုဂ္ဂလိကအမြင်ကို ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly