အီတလီနိုင်ငံနှင့်ပူးပေါင်း၍ ရန်ကုန်မြို့ပြ ခရီးသွား နှင့်ယဉ်ကျေးမှုအမွေအနှစ် အဆင့်မြှင့်တင်ခြင်း အစီစဉ် ပြုလုပ်မည်

အီတလီနိုင်ငံနှင့်ပူးပေါင်း၍ ရန်ကုန်မြို့ပြ ခရီးသွား နှင့်ယဉ်ကျေးမှုအမွေအနှစ် အဆင့်မြှင့်တင်ခြင်း အစီစဉ် ပြုလုပ်မည်

 

ရန်ကုန် အောက်တိုဘာ ၁၂ ။        ။ မြန်မာနိုင်ငံဆိုင်ရာ အီတလီသံရုံး  ၊ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ (Yangon Heritage Trust ) နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းပြီးဆောင်ရွက်မည့် ခရီးသွားနှင့်ယဉ်ကျေးမှု အမွေအနှစ် အဆင့်မြှင့်တင်ခြင်းအစီအစဉ်  အကောင်အထည်ဖော်ရေး ရှင်းလင်းပွဲ အခမ်းအနား ကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ Strand ဟိုတယ်တွင် ပြုလုပ်ခဲ့ သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က အီတလီနိုင်ငံခြားရေးဝန်ကြီးနှင့် ရန်ကုန် မြို့ပြအမွေအနှစ်ထိန်းသိမ်းရေးကိစ္စရပ်များ တိုင်ပင် ဆွေးနွေးခဲ့ပြီး ရန်ကုန်ရှေးဟောင်းအမွေအနှစ်များ ကို အီတလီမှပညာရှင်များနှင့် ပူးပေါင်းဆောင် ရွက်နေသည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

"ကျွန်တော်တို့အစိုးရသစ်စတင်တာဝန်ယူပြီးတဲ့ အချိန်မှာပဲ အီတလီနိုင်ငံရဲ့နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်ကို လာရောက်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်က သူရဲ့ရည်ရွယ်ချက် အတိုင်း ရန်ကုန်ရဲ့ရှေးဟောင်းအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် အီတလီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနဲ့ဆွေးနွေးခဲ့ပါတယ်၊ ကျွန်တော် ကိုယ်တိုင်လည်း အဲဒီကိုရောက်ခဲ့ပါတယ်၊ အီတလီ နိုင်ငံဟာ တစ်ကယ့်ကို ရှေးဟောင်းအမွေအနှစ်တွေ ထိန်းသိမ်းစောင့်ရှောက်တဲ့နေရာမှာ အလွန်ကိုကျွမ်း ကျင်တဲ့ပညာရှင်တွေ ရှိတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်၊ ဒီအတွက် အီတလီနိုင်ငံရဲ့ရန်ကုန်ရှေးဟောင်းအမွေ အနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ရေးကိစ္စတွေ မှာ အကြံပေးအဖွဲ့တစ်ခု အကူအညီပေးနိုင်ဖို့ ကျွန်တော်တို့ အကူအညီတောင်းခံခဲ့ပါတယ်" ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

ယင်းအစီအစဉ်တွင် ရန်ကုန်မြို့ မြို့တွင်း အဓိက ၆ နေရာဖြစ်သော ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ လမ်းမတော်၊ လသာ ၊ ပန်းပဲတန်း စသည့်မြို့နယ်များမှ   ရှေး ဟောင်းယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံ များပါဝင်ပြီး ၁ နှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ် ကြောင်းသိသည်။

"အဓိကကတော့ ရန်ကုန်မြို့တွင်း ရှေးဟောင်းအမွေ အနှစ် အဆောက်အဦးတွေကို ဘယ်လိုပြန်သုံးမလဲ၊ ပြန်ပြီးထိန်းသိမ်းမယ်ဆိုရင်လည်း နည်းပညာပိုင်း ပေါ့နော်၊ ဘယ်လိုလုပ်မလဲ ဒါတွေပေါ့နော်၊ ပိုအရေး ကြီးတာက ဒီအမွေအနှစ်အဆောက်အဦးတွေ ပြန် အသုံးချဆောင်ရွက်တဲ့အခါ နိုင်ငံခြားခရီးသွားတွေ နဲ့ ဘယ်လိုချိတ်နိုင်မလဲ၊ ခရီးသွားဖွံ့ဖြိုးလာရင်ရော ဒီမှာရှိတဲ့ဒေသခံတွေကလည်း ဘယ်လိုအသင့်ဖြစ် နိုင်မလဲ၊ အဆင်ပြေ နိုင်မလဲဆိုတာ တစ်ခြားနိုင်ငံ တွေရဲ့ အတွေ့အကြုံတွေကိုလည်း လေ့လာရမယ်၊ ဒါတွေက ကျွန်တော်တို့က စဉ်းစားပြီးတော့ အစိုးရ ဘက်ကို တင်ပြမယ်" ဟု ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (Yangon Heritage Trust ) ဥက္ကဋ္ဌ ဒေါက်တာသန့်မြင့်ဦးက ပြောသည်။

ရှင်းလင်းပွဲအခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ အီတလီသံအမတ်ကြီး GIORGIO ALIBERTI ၊ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (Yangon Heritage Trust ) နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ အရပ်ဖက်အဖွဲ့အစည်းများ တက်ရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly