MTV အစီအစဉ်မှူး ဟီလာရီဘာတွန်ကို အသားယူခဲ့မိသည့်ကိစ္စအတွက် ဘန်အက်ဖလက်ခ်တောင်းပန်

MTV အစီအစဉ်မှူး ဟီလာရီဘာတွန်ကို အသားယူခဲ့မိသည့်ကိစ္စအတွက် ဘန်အက်ဖလက်ခ်တောင်းပန်

 

အမေရိကန်မင်းသားဘန်အက်ဖလက်ခ်သည် လွန်ခဲ့သော ၂၀၀၃ ခုနှစ်က တိုက်ရိုက်အစီအစဉ်တင်ဆက်နေချိန် ၌ MTV အစီအစဉ်မှူး ဟီလာရီဘာတွန်ကို အသားယူခဲ့မိသည့်   ဖြစ်ရပ်အတွက် ဝေဖန်မှုများကြုံတွေ့ခဲ့ရပြီး နောက်တွင် တရားဝင်တောင်းပန်လိုက်သည်။

ဘန်အက်ဖလက်ခ်သည် လက်ရှိအချိန်တွင် လိင်ပိုင်းဆိုင်ရာအနိုင်ကျင့် စော်ကားခဲ့သည်ဆိုသော စွပ်စွဲချက်များ နှင့် ရင်ဆိုင်နေရသည့် ရုပ်ရှင်ထုတ်လုပ်သူဟာဗေးဝိန်းစတိန်းကို ရှုံ့ချသည့်စကားများ ပြောဆိုခဲ့ပြီးနောက်တွင် ယခုလိုသူ့အား တစ်ဖန်ပြန်လည်ဝေဖန်မှုများနှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။

ဘန်အက်ဖလက်ခ်သည် ဝိန်းစတိန်းကို တွစ်တာမှတဆင့် ရှုံ့ချခဲ့ပြီးနောက်တွင် တွစ်တာအသုံးပြုသူတစ်ဦးက ဟီလာရီဘာတွန်၏ရင်သားကို ဘန်အက်ဖလက်ခ် ကိုင်တွယ်ခဲ့ဖူးကြောင်းနှင့် လူအများကမေ့နေကြောင်း အစပြန်ဖော်ပေးခဲ့သည်။ ထိုသူ၏စကားကို ဘာတွန်က “ ကျမ မမေ့သေးပါဘူး” ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။

ထိုပြောဆိုချက်သည် တွစ်တာအသုံးပြုသူများကြား ပြောစရာကိစ္စဖြစ်သွားပြီးနောက်တွင် အက်ဖလက်ခ်က “ ကျနော် မစ္စဘာတွန်အပေါ် မဖွယ်မရာပြုမူခဲ့မိပါတယ်။ ဒါကြောင့်ပဲ ကျနော်လေးလေးနက်နက်ကို တောင်းပန်ပါတယ်” ဟု သူ၏တွစ်တာ၌ ရေးသားခဲ့သည်။

ဘန်အက်ဖလက်ခ်သည် ဝိန်းစတိန်းရင်ဆိုင်နေရသော စွပ်စွဲချက်များနှင့်ပက်သက်၍ “ ကျနော်အလုပ်အတူတွဲ လုပ်ခဲ့ဖူးတဲ့လူက သူ့ရဲ့လုပ်ပိုင်ခွင့်ကို အသုံးချပြီး အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ   စော်ကားခဲ့တယ်ဆို တာကို သိလိုက်ရတဲ့အတွက် ဝမ်းနည်းမိသလို ဒေါသလည်းဖြစ်မိပါတယ်” ဟု သူ၏တွစ်တာမှတဆင့် ဝေဖန်ခဲ့ ခြင်းဖြစ်သည်။

ထိုသို့ဝေဖန်ခဲ့ပြီးနောက်တွင် တွစ်တာအသုံးပြုသူတစ်ဦးက အက်ဖလက်ခ်ကိုယ်တိုင်လည်း အမျိုးသမီးတစ်ဦး အပေါ် အသားယူခဲ့ပြီးကြောင်း   ပြန်လည်အစဖော်ပေးခဲ့ပြီး   ဝေဖန်မှုများ   မြင့်တက်လာသည့်အတွက် ယခုလို တောင်းပန်ခဲ့ရခြင်းလည်းဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required