M-150 ယူ-၂၃ ဖိတ်ခေါ်ပြိုင်ပွဲဝင် မြန်မာအသင်း၏နည်းပြအဖြစ် ဂတ်ဆီဇီကိုသာ လျာထား

M-150 ယူ-၂၃ ဖိတ်ခေါ်ပြိုင်ပွဲဝင် မြန်မာအသင်း၏နည်းပြအဖြစ် ဂတ်ဆီဇီကိုသာ လျာထား

 

ထိုင်းဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် M-150 ယူ-၂၃ ဖိတ်ခေါ်ပြိုင်ပွဲကို မြန်မာယူ-၂၃ အသင်း ဝင်ရောက်ယှဉ်ပြိုင်ရန် သေချာသွားပြီဖြစ်သည်။

ထိုပြိုင်ပွဲဝင်မည့် မြန်မာယူ-၂၃ အသင်းကို ပြန်လည်ဖွဲ့စည်းမည်ဖြစ်ပြီး နည်းပြအဖြစ် ဂတ်ဆီဇီကိုသာ ခန့်အပ်ရန် လျာထားကြောင်း မြန်မာဘောလုံးအဖွဲ့ချုပ် စီအီးအို ဦးဘုန်းနိုင်ဇော်က ပြောသည်။

နည်းပြဂတ်ဆီဇီသည် ၂၀၁၈ ယူ-၂၃ အာရှဖလားခြေစစ်ပွဲနှင့် ၂၀၁၇ ဆီးဂိမ်းပြိုင်ပွဲဝင်မြန်မာယူ-၂၃ အသင်းကို ကိုင်တွယ်ခဲ့သလို လက်ရှိတွင်လည်း မြန်မာ့လက်ရွေးစင် အသင်းကြီးကို ပူးတွဲကိုင်တွယ်နေသူ ဖြစ်သည်။

“ထိုင်းက ပြိုင်ပွဲဝင်ဖို့ ဖိတ်ထားတာတော့ ကြာပါပြီ။ အခုပြိုင်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ နည်းပြကတော့ ဂတ်ဆီဇီကိုပဲ ခန့်အပ်ဖို့ လျာထားပါတယ်။ ယူ-၂၃ အသင်းကိုတော့ ၂၀၁၉ ဆီးဂိမ်းအတွက် ရည်ရွယ်ပြီး ပြင်ဆင်ဖွဲ့စည်းသွားမှာပါ” ဟု ဦးဘုန်းနိုင်ဇော်က ဆိုသည်။

ထိုင်းဘောလုံးအဖွဲ့ချုပ်သည် အာရှဖလား ယူ-၂၃ ပြိုင်ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် ယခုပြိုင်ပွဲကို ကျင်းပခြင်း ဖြစ်သည်။

ပြိုင်ပွဲဝင်ရန် အာဆီယံမှ ဗီယက်နမ်နှင့်မြန်မာတို့ကို ဖိတ်ကြားခဲ့ပြီး အာရှအင်အားကြီးအသင်းများဖြစ်သော ဂျပန်၊ မြောက်ကိုရီးယားနှင့်ဥဇဘတ်ကစ္စတန်တို့ကို ဖိတ်ခေါ်ခဲ့သည်။

ပြိုင်ပွဲကို သုံးသင်း ၂ အုပ်စုခွဲကာ ထိပ်ဆုံးနှစ်သင်းက ဗိုလ်လုပွဲကစားရမည့်ပုံစံဖြင့် ကျင်းပသွားမည် ဖြစ်သည်။ အုပ်စု(က)၌ ဂျပန်၊ မြောက်ကိုရီးယားနှင့် ဥဇဘတ်ကစ္စတန်တို့ ကျရောက်ပြီး အုပ်စု(ခ)တွင် အိမ်ရှင်ထိုင်း၊ မြန်မာနှင့် ဗီယက်နမ်တို့ ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ပြိုင်ပွဲတွင်ဗိုလ်စွဲသည့်အသင်းကို အမေရိကန်ဒေါ်လာ ၂၀,၀၀၀ ချီးမြှင့်မည် ဖြစ်သည်။ အိမ်ရှင်ထိုင်းအသင်းနှင့် ဗီယက်နမ်အသင်းတို့ ဒီဇင်ဘာလ ၉ ရက်နေ့တွင် စတင်ယှဉ်ပြိုင်မည် ဖြစ်သည်။

ယခုပြိုင်ပွဲတွင် မြန်မာအသင်းမှလွဲ၍ ပြိုင်ပွဲဝင်အသင်းများအားလုံးသည် ၂၀၁၈ အာရှဖလား ယူ-၂၃ ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရထားသည့် အသင်းများဖြစ်သည်။ မြန်မာယူ-၂၃ အသင်းက လာမည့် ၂၀၁၉ ဆီးဂိမ်းအတွက် ပြင်ဆင်ပြိုင်ပွဲဝင်မည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly