နျူကလီးယား သဘောတူညီမှုကို စွန့်ပယ်လိုခြင်းဖြင့် ထရမ့်က တစ်ကမ္ဘာလုံးကို ဆန့်ကျင်ဖက်ပြုနေဟု အီရန်ပြော

နျူကလီးယား သဘောတူညီမှုကို စွန့်ပယ်လိုခြင်းဖြင့် ထရမ့်က တစ်ကမ္ဘာလုံးကို ဆန့်ကျင်ဖက်ပြုနေဟု အီရန်ပြော

 

တီဟီရန်၊ အောက်တိုဘာ ၁၂ ။                           ။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်သည် သမိုင်းဝင် နျူကလီးယားသဘောတူညီမှုကို စွန့်ပယ်ရန် ကြိုးစားခြင်းဖြင့် တစ်ကမ္ဘာလုံးကို ဆန့်ကျင်ခြင်း ပြုနေသည်ဟု အီရန် သမ္မတ ဟတ်ဆန်ရိုဟာနီက ထိုးနှက်လိုက်သည်။

“အမေရိကန်အနေနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ သဘောတူထားတဲ့ အပြည်ပြည်ဆိုင်ရာ နျူကလီးယား သဘောတူညီမှုကို မလိုမလားဘဲ စွန့်ပယ်လိုနေတယ်ဆိုရင် ဒါဟာ အီရန်တစ်နိုင်ငံတည်းကို ဆန့်ကျင်ဖက်ပြုတာ မဟုတ်ဘူး။ တစ်ကမ္ဘာလုံးကို ဆန့်ကျင်တာပဲ။”ဟု ရုပ်မြင်သံကြားမှ ထုတ်လွှင့်သော ကက်ဘိနက်အစည်းအဝေးတွင် ရိုဟာနီက ပြောသည်။

“ဒါဆိုရင်တော့ ရှင်းရှင်းလင်းလင်း ဖြစ်သွားလိမ့်မယ်။ အမေရိကန်ဟာ ဥပဒေမဲ့တဲ့ အစိုးရဆိုတာကိုပဲ။”ဟုလည်း ၎င်းက ဆိုသည်။

ဒေါ်နယ်ထရမ့်အနေဖြင့် အောက်တိုဘာ ၁၂ ရက် အစောပိုင်းတွင် အီရန်နှင့် ပတ်သက်ပြီး မူကြမ်းရပ်တည်ချက် မိန့်ခွန်း ပြောရန် ရှိပြီး ယင်းမိန့်ခွန်းတွင် သုံးလတိုင်း တစ်ကြိမ် သက်သေခံလက်မှတ်ထိုးရန် လိုသော ၂၀၁၅ နျူကလီးယားသဘောတူညီမှုတွင် ရေရှည်ပါဝင်ခြင်း မရှိတော့ရန် ပြောလိမ့်မည်ဟု ထင်မြင်ယူဆရသည်။

ထိုပြင် အီရန်အပေါ် ဆန်ရှင်ပိတ်ဆို့မှုများ ပြန်လည်ချမှတ်ရေး ဆုံးဖြတ်ရန် ကွန်ဂရက်အနေဖြင့် ရက် ၆၀ အချိန် ရထားသည်။ ဆန်ရှင်များ ချမှတ်ဖြစ်လာပြီဆိုပါက နျူကလီးယားသဘောတူညီမှုအပေါ် သက်ရောက်လာမည်ဖြစ်သည်။

အဆိုပါ သဘောတူညီမှုတွင် လက်မှတ်ထိုးထားသော အခြားသော နိုင်ငံများဖြစ်သည့် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ တရုတ်၊ ရုရှနှင့် အီးယူတို့ကမူ သဘောတူညီမှုကို ဆက်လက်ထောက်ခံပြီး အီရန်အနေဖြင့် ၎င်းကတိခံထားသည့် နျူကလီးယား စီမံကိန်းများကို ထိန်းချုပ်ဟန့်တားရေးကို ထဲထဲဝင်ဝင် အကောင်အထည်ဖော်ရန် ပြောကြသည်။

“ဒီနျူကလီးယားသဘောတူညီမှုက အားလုံးသော အစိုးရတွေကို စမ်းသပ်လိုက်တာပဲ ဖြစ်တယ်။ ကျွန်တော်တို့အတွက်တော့ ကိုယ် ကတိခံထားတဲ့ သဘောတူညီမှုအပေါ် အဆုံးထိ ရပ်တည်သွားမှာ ဖြစ်တယ်။ ဒါဟာ ကျွန်တော်တို့နိုင်ငံအတွက် ဂုဏ်ယူစရာ တစ်ခုပဲ။”ဟု ရိုဟာနီက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags