ဗီယက်နမ်တွင် ရေကြီးမြေပြိုမှုကြောင့် လူပေါင်း ၃၇ ဦးထက်မနည်း သေဆုံးပြီး ၄၀ ခန့် ပျောက်ဆုံးနေ

ဗီယက်နမ်တွင် ရေကြီးမြေပြိုမှုကြောင့် လူပေါင်း ၃၇ ဦးထက်မနည်း သေဆုံးပြီး ၄၀ ခန့် ပျောက်ဆုံးနေ

 

အောက်တိုဘာ ၁၂ ။             ။ ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတို့မှာ ယခုသီတင်းပတ်အတွင်း ရေကြီးမှု၊ မြေပြိုမှု ဖြစ်စဉ်များ ဖြစ်ပေါ်လာခဲ့ရာ အနည်းဆုံးလူပေါင်း ၃၇ ဦး သေဆုံးပြီး ၄၀ ခန့် ပျောက်ဆုံးနေလျက်ရှိကြောင်း တာဝန်ရှိသူတွေက အောက်တိုဘာ ၁၂ ရက်မှာ ပြောပါတယ်။

ယင်းနိုင်ငံတွင်းက ဒေသတစ်ချို့မှာ ယခုသီတင်းပတ်အတွင်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခဲ့ပြီး နိုင်ငံမြောက်ပိုင်းက ဟောင်ဘင် ခရိုင်မှာတော့ အဆိုးရွားဆုံး ရေလွှမ်းမိုးမှုဖြစ်စဉ်နဲ့ ကြုံတွေ့ခဲ့ရပြီး ၁၁ ဦးသေဆုံးကာ ၂၁ ဦး ပျောက်ဆုံးနေလျက်ရှိပါတယ်။

" ပျောက်နေတဲ့သူတွေကို အမြန်ဆုံး ရှာနိုင်ဖို့ ကျွန်တော်တို့ တပ်ဖွဲ့အားလုံးနဲ့ ဖြန့်ကျက်လုပ်ဆောင်နေပါတယ်" ဆိုပြီး အဆိုပါ ခရိုင်ဒေသရဲ့ သဘာဝဘေးအန္တရာယ် တုန့်ပြန်ဖြေရှင်းရေးဌာန တာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီကို ဖုန်းကနေတဆင့် ဖြေကြားခဲ့ပါတယ်။

လက်ရှိအချိန်အထိ နိုင်ငံတစ်ဝှမ်း ဒေသခြောက်ခုမှာ သဘာဝဘေးကြောင့် သေဆုံးသူဦးရေ ၃၇ ဦးထိ ရှိနေခဲ့ပြီ ဖြစ်ကြောင်း ဗီယက်နမ် သဘာဝဘေး စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့က ထုတ်ပြန်ပါတယ်။

တစ်ချိန်တည်းမှာပဲ သဘာဝဘေးအန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရပြီး ပျောက်ဆုံးနေသူတွေကို အာဏာပိုင်တွေက ကြိုးစားဖြန့်ကျက်ရှာဖွေနေလျက်ရှိကြောင်း ယင်းက ဆက်လက်ထုတ်ပြန်ပါတယ်။

အလားတူ ဟောင်ဘင် ခရိုင်မှာပဲ ညပိုင်းမှာ ဖြစ်ခဲ့တဲ့ မြေပြိုမှုတစ်ခုကြောင့် လူပေါင်း ၁၈ ဦး သေဆုံးသွားခဲ့တယ်လို့ သိရပြီး အောက်တိုဘာ ၁၂ ရက်အထိ ယင်းဖြစ်စဉ်ကြောင့် ၁၅ ဦး ပျောက်ဆုံးနေလျက်ရှိကြောင်း နိုင်ငံပိုင် မီဒီယာမှာ ဖော်ပြထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags