ဒါမာစကတ်မြို့မှ ရဲဌာနချုပ်အနီး၌ အသေခံဗုံးခွဲတိုက်ခိုက်မှု ၃ ခုဖြစ်ပွား

ဒါမာစကတ်မြို့မှ ရဲဌာနချုပ်အနီး၌ အသေခံဗုံးခွဲတိုက်ခိုက်မှု ၃ ခုဖြစ်ပွား

 

ဒါမာစကတ်၊ ဆီးရီးယား၊ အောက်တိုဘာ ၁၂ ။                   ။ ဆီးရီးယားနိုင်ငံ၏မြို့တော် ဒါမာစကတ်မြို့ရှိ ရဲဌာနချုပ်အဆောက်အဦးအနီး၌ ဗုဒ္ဓဟူးနေ့က အသေခံဗုံးခွဲ တိုက်ခိုက်သူ ၃ ဦး၏ ဗုံးခွဲတိုက်ခိုက်မှုများကြောင့် ၂ဦးထက်မနည်းသေဆုံးပြီး ကလေးနှစ်ဦးအပါအဝင် လူ ၆ ဦး ခန့် ဒဏ်ရာရရှိခဲ့ကြောင်း ဆီးရီးယားပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

အသေခံဗုံးဖောက်ခွဲသူများထဲမှ ၂ဦးသည် ဒါမာစကတ်မြို့လယ်ခေါင်မှ ခါလက်ဘင်အယ်လ်ဝါလစ် လမ်းမကြီး ပေါ်ရှိ ရဲဌာနချုပ်အရှေ့ဘက်တွင် ၎င်းတို့၏ ဖောက်ခွဲရေးပစ္စည်းများကို ဖောက်ခွဲခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်ကို နိုင်ငံတော်သတင်းမီဒီယာက တင်ပြခဲ့သည်။

“အသေခံဗုံးခွဲတိုက်ခိုက်တဲ့ အကြမ်းဖက်သမားများဟာ ရဲဌာနချုပ်ကို ဝင်စီးဖို့ကြိုးပမ်းခဲ့တာပါ။ အစောင့်တွေက တွေ့ရှိပြီးတော့ သေနတ်နဲ့ပစ်ခတ်ပြီး နှိမ်နင်းခဲ့ပါတယ်။ ဒါကြောင့်ပဲ အဆောက်အဦးထဲကို ဝင်ရောက်မယ့် သူတို့ ရဲ့ ရည်မှန်းချက်မပြည့်ခင်မှာပဲ သူတို့ကိုယ်သူတို့ ဖောက်ခွဲပစ်လိုက်ရပါတယ်” ဟု ပြည်ထဲရေး၏ ထုတ်ပြန်ချက် ထဲ၌ ဖော်ပြထားသည်။

ဒါ့အပြင် ရဲဌာနချုပ်အဆောက်အဦးနောက်မှ တတိမြောက်အသေခံဗုံးခွဲသမားကိုလည်း ဝိုင်းဝန်းနှိမ်နင်းနိုင်ခဲ့ ကြောင်း ထိုထုတ်ပြန်ချက်ထဲ၌ ဖော်ပြထားသည်။

ဒါမာစကတ်မြို့မှ ရဲမှူးကြီးမိုဟာမက်ခါအီရူအစ္စမေးလ်က သေဆုံးခဲ့သူ ၂ဦးထဲမှ တစ်ဦးမှာ ဗုံးခွဲသူများကို တားဆီးရန်ကြိုးပမ်းခဲ့သော ရဲအရာရှိတစ်ဦးဖြစ်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

“ကျနော်တို့ရဲ့တပ်ဖွဲ့ထဲက အရာရှိတစ်ဦးဟာ အသေခံဗုံးခွဲသူတစ်ဦးကို အဆောက်အဦးထဲမဝင်နိုင်အောင် လှမ်းဆွဲထားခဲ့ပါတယ်။ ဗုံးခွဲသမားက သူ့ကိုယ်သူဖောက်ခွဲလိုက်တာကြောင့် အရာရှိလည်းသေဆုံးခဲ့ရပါတယ်” ဟု အစ္စမေးလ်က ပြောကြားခဲ့သည်။

ရဲဌာနချုပ်တိုက်ခိုက်ခံရမှုသည် ယခုလအတွင်း ဒါမာစကတ်မြို့၌ ရဲတပ်ဖွဲ့များကို ပစ်မှတ်ထားတိုက်ခိုက်သည့် ဒုတိယမြောက် တိုက်ခိုက်မှုတစ်ခုဖြစ်သည်။ အောက်တိုဘာလ ၂ ရက်နေ့ကလည်း မီဒန်တောင်ပိုင်းအရပ်ရှိ ရဲစခန်းတစ်ခု တိုက်ခိုက်ခံရမှုကြောင့် ၁၇ ဦးထက်မနည်း သေဆုံးခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly