မြောက်ကိုရီးယားကို အင်အားပြကာ အသံထက်မြန်သော အမေရိကန် ဗုံးကြဲလေယာဉ်များ လေ့ကျင့်ပျံသန်း

မြောက်ကိုရီးယားကို အင်အားပြကာ အသံထက်မြန်သော အမေရိကန် ဗုံးကြဲလေယာဉ်များ လေ့ကျင့်ပျံသန်း

ဝါရှင်တန်ဒီစီ၊ အောက်တိုဘာ ၁၁ ။         ။ မြောက်ကိုရီးယားနိုင်ငံကို အင်အားပြသသည့် အနေဖြင့် အမေရိကန်နိုင်ငံက ကိုရီးယားကျွန်းဆွယ်ပေါ်တွင် အသံထက်မြန်သော ဗုံးကြဲလေယာဉ်နှစ်စင်းကို ပျံသန်းခဲ့သည်။

ဂျပန်နှင့် တောင်ကိုရီးယားတို့နှင့်အတူ ပထမဆုံး ညပိုင်းလေကြောင်း ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို အမေရိကန်က ပါဝင်ရာတွင် ယခုကဲ့သို့ အသံထက်မြန်သော ဗုံးကြဲလေယာဉ်များကို ပျံသန်းပြခဲ့ခြင်း ဖြစ်သည်။

ဂူအမ်ကျွန်း အမေရိကန် အခြေစိုက်စခန်းမှ B-1B Lancer လေယာဉ်နှစ်စင်းက အောက်တိုဘာ ၁၀ ရက် နှောင်းပိုင်းတွင် ဂျပန်ပင်လယ်တစ်ဝိုက် လေ့ကျင့်ပျံသန်းခြင်း မစ်ရှင်ကို ဆောင်ရွက်ခဲ့သည်ဟု အမေရိကန် ပစိဖိတ်လေတပ်စခန်းက ထုတ်ပြန်သည်။

“မဟာမိတ်တပ်တွေနဲ့အတူ လေ့ကျင့်မှုမှာ ညပိုင်း ပျံသန်းလေ့ကျင့်ခြင်းကို ဘေးကင်းစွာ ဆောင်ရွက်နိုင်ခဲ့တယ်။ အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကြား စွမ်းဆောင်ရည်ကို ဖလှယ်ကြပြီး တစ်နိုင်ငံစီရဲ့ လေတပ်စွမ်းရည်ကို ပိုထက်မြက်အောင် သွေးပေးတာလည်း ဖြစ်တယ်။”ဟု ထုတ်ပြန်ချက်တွင် ဗိုလ်မှူးပတ်ထရစ်က ပြောထားသည်။

ဂျပန်ပင်လယ်ပြင်တွင် တောင်ကိုရီးယား တိုက်လေယာဉ်နှစ်စင်းနှင့်အတူ အမေရိကန်ဗုံးကြဲလေယာဉ်နှစ်စင်းက ဝေဟင်မှ မြေပြင်ပစ် သဏ္ဍာန်တု ဒုံးကျည်ပစ်ခတ်ခြင်းများကိုပါ   ဆောင်ရွက်ခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးအာဏာပိုင်များက အောက်တိုဘာ ၁၁ ရက်တွင် ပြောသည်။

အဆိုပါ လေယာဉ်လေးစင်းသည် ပင်လယ်ဝါတွင်လည်း ပစ်ခတ်လေ့ကျင့်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် အခြေစိုက်စခန်းသို့ ပြန်လည်ဆင်းသက်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က အတည်ပြုပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags