မျက်လုံး အညိုအမဲတွေကို မြန်မြန်ဘယ်လို ပျောက်ကင်းအောင် လုပ်မလဲ။

မျက်လုံး အညိုအမဲတွေကို မြန်မြန်ဘယ်လို ပျောက်ကင်းအောင် လုပ်မလဲ။

ရေးသားသူ Phyo Wai Yan
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

မျက်နှာနဲ့ ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာတွေ ရတာကြောင့် မျက်ကွင်းညိုမဲစွဲတတ်ပါတယ်။ မျက်လုံးအညိုအမဲစွဲတယ်ဆိုတာ စိုးရိမ်စရာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ပျောက်ကင်းဖို့ အချိန်ယူရသလို နာကျင်ပြီး မျက်နှာအလှလည်း ပျက်စေပါတယ်။ ကံကောင်းစွာဖြင့် အဲဒီဒဏ်ရာတွေကို မြန်မြန်ပျောက်ကင်းအောင်လုပ်ဖို့ နည်းလမ်းတွေ ရှိပါတယ်။

ဘယ်အရာတွေက မျက်လုံးအညိုအမဲစွဲအောင် လုပ်တာလဲ။

နှာခေါင်း၊ မျက်လုံးနဲ့ မျက်နှာကို ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ကြောင့် မျက်လုံးမှာ အညိုအမဲတွေ ဖြစ်စေနိုင်ပါတယ်။ ယင်းထိခိုက်မှုတွေပြီးနောက်မှာတော့ မျက်လုံးဟာ ဘာဒဏ်ရာမှ မရရှိဘဲ သူဘေးနားမှာ သွေးနဲ့ အခြားအရည်တွေ စုပုံလာပြီး ရောင်လာကာ အညိုအမဲစွဲ လာပါတယ်။

မျက်လုံးမှာ အညိုအမဲစွဲနေတာကို ဘယ်လိုဖျောက်နိုင်မလဲ။

အောက်ဖော်ပြမယ့် အကြောင်းအရာကတော့ မျက်လုံးအညိုအမဲကို ဖျောက်နိုင်မယ့် နည်လမ်းအဆင့်ဆင့်ပါပဲ။

လုပ်ဆောင်မှု၁။ စတင်ကုသခြင်း

အဆင့်၁။ ရေခဲကပ်ပါ။
ထိခိုက်ဒဏ်ရာရရပြီးချင်း ၁၀မိနစ်ခန့် ရေခဲကပ်ပေးပါ။ ရေခဲကို မျက်နှာသုတ်ပဝါ ဒါမှမဟုတ် အဝတ်ဖြင့် ထုပ်ပေးဖို့ မမေ့ပါနှင့်။ ဘာကြောင့်လဲဆိုတော့ ရေခဲနဲ့ အသားနဲ့ တိုက်ရိုက်ထိနေမယ်ဆိုရင် နှင်းကိုက်နာတွေ ဖြစ်တတ်လို့ပါ။ ဖြစ်ဖြစ်ချင်း ၂ရက်မှာတော့ နာရီတိုင်း မိနစ်၂၀ခန့် ပြုလုပ်ပေးပါ။ ရေခဲထုပ်ကို မျက်လုံးကို မကပ်ပဲ မျက်လုံးဘေးနားရှိ အရေပြားသို့သာ ကပ်ပေးပါ။

အဆင့်၂။ အကိုက်အခဲ ပျောက်ဆေးသောက်ပါ။
သည်းမခံနိုင်လောက်အောင် နာနေမယ်ဆိုရင်တော့ ပါရာစီတမောနဲ့ အိုင်ဗျူပရိုဖန်တို့ကို ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သုံးနိုင်ပါတယ်။ အက်စ်ပရင်ကိုတော့ ရှောင်ရပါမယ်။ ဘာလို့လည်းဆိုတော့ သွေးမခဲအောင် နှောင့်ယှက်လို့ပါ။

အဆင့်၃။ အခြားထိခိုက်ဒဏ်ရာတွေ ရှိလား စစ်ဆေးကြည့်ပါ။
ထိခိုက်ဒဏ်ရာတွေဟာ စိုးရိမ်ရတာ ရှိသလို မစိုးရိမ်ရတာလည်း ရှိပါတယ်။ ဒီအဆင့်ကတော့ စိုးရိမ်ရတဲ့ အခြေအနေတွေမှာ ဆရာဝန်ကို စစ်ဆေးခိုင်းတာပါပဲ။ မျက်လုံးအညိုအမည်းစွဲတာဟာ အောက်ဖော်ပြပါ အချက်တွေနဲ့ တွဲဖြစ်မယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသင့်ပါပြီ။
• မျက်သားနဲ့ မျက်ဆံတွေမှာ သွေးများတွေ့ရခြင်း။
• ကြည့်ရအဆင်မပြေခြင်း။ ဝါးနေခြင်း၊ နှစ်ထပ်မြင်ရခြင်း၊ အလင်းစူးခြင်း။
• မူလထိခိုက်တဲ့နေရာမှ ခံစားရသည်များ။ ခေါင်းအလွန်အကျွံကိုက်ခြင်း၊ မူးဝေခြင်း၊ မျက်လုံးချိုင့်ဝင်သွားခြင်း

လုပ်ငန်းစဉ် ၂။ ဆက်လက်ကုသခြင်း

အဆင့်၁။ မျက်လုံးပေါ်မှာ သက်ရောက်နေတဲ့ ဖိအားကို ထိန်းချုပ်ပေးပါ။
မျက်လုံးအညိုအမဲစွဲတာက နာကျင်ရောင်ရမ်းခြင်းနဲ့ အတူဖြစ်တတ်ပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ မျက်လုံးဖွင့်ပြီးနေတာထက် ပိတ်ပြီးမျက်လုံးအနားပေးထားတာ ပိုကောင်းပါတယ်။

အဆင့်၂။ အပူကပ်ပေးခြင်း။
ပထမတစ်ရက်နှစ်ရက် ရေခဲကပ်ပြီးတဲ့နောက်မှာ အပူငွေ့လေးပြောင်းကပ်ပေးပါ။ အပူကြောင့် သွေးကြောများကျယ်ပြီး သွေးစီးဆင်းမှုများကောင်းကာ ထိခိုက်ခံရတဲ့ နေရာတွေမှာ သွေးများမစုပုံနေအောင် လုပ်ပေးပါတယ်။ ဒါကြောင့် ဒဏ်ရာကို မြန်မြန် ပျောက်ကင်းစေပါတယ်။
ပူနွေးရုံလောက်နှင့် စိုစွတ်အောင် လုပ်ထားသော အဝတ်စလေးကို ဒဏ်ရာပေါ်တွင် ၁၀မိနစ်နား ၁၀မိနစ်ကပ် နှစ်ကြိမ်ခန့် ကပ်ပေးပါ။ မျက်လုံးပေါ်တွင် မကပ်ဘဲ မျက်လုံးဝန်းကျင်တွင်သာ ကပ်ဖို့ကို မမေ့ပါနှင့်။

အဆင့်၃။ ဒဏ်ရာက ပိုဆိုးလာပါက သို့မဟုတ် မပျောက်ကင်းပါက ဆရာဝန်နှင့်ပြသပါ။
၁၀ရက်ခန့်လောက်ကြာပြီးရင်တော့ ဒဏ်ရာပျောက်ကင်းနိုင်ပြီလို့ ထင်ရပါတယ်။ ဒါကြောင့် ယင်းအချိန်အတွင်း မပျောက်ကင်းဘူးဆိုပါက ဆရာဝန်နှင့် စစ်ဆေးတိုင်ပင်ပါ။
သတိပြုရန်။ မျက်လုံးအညိုအမဲစွဲတယ်ဆိုတာ ပထမ၂ရက်မှာ ပိုဆိုးလာပြီး နောက်ပိုင်းမှာ ပြန်လည်သက်သာသွားပါတယ်။ အစပိုင်းမှာ ပိုဆိုးလာမယ်ဆိုရင်တော့ မကြောက်ပါနဲ့။ ဒါပေမဲ့ သွေးထွက်တာမျိုးတွေ ဖြစ်နေမယ်ဆိုတော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသပေးပါ။

အသုံးဝင်တဲ့ အခြားသောနည်းလမ်းများ

နည်းလမ်း၁။ အလှကုန်တွေ သုံးပါ။

မျက်လုံးအညိုအမဲစွဲတယ်ဆိုတာ လူတွေရဲ့ ရုပ်အလှ ပေါ်မှာ များစွာ သက်ရောက်နေပါတယ်။ ဒါကြောင့် အချို့ သော ပွဲလမ်းသဘင်တွေမှာ အလှကုန်တွေက ကူညီပေးမှာပါ။ ဒါပေမဲ့လည်း သတိထားရမယ့်အရာတွေ ရှိပါတယ်။

၁။အရောင်ကျတဲံအထိစောင့်ပါ။ ရောင်နေတဲ့အရေပြားဟာ အထိခိုက်မခံပါဘူး။ ဒါကြောင့် အလှကုန်တွေ သုံးရင် အရေပြားကျိန်းစပ်တာတွေ ဖြစ်လာပါလိမ့်မယ်။
၂။သင့်တော်တဲ့ Concealer ကို ရွေးချယ်ပါ။ အစိမ်းရောင်နဲ့ အဝါရောင် Concealer အရည်က အသင့်တော်ဆုံးပါ။ Cream ကတော့ လိမ်းချယ်ဖို့ အားပိုသုံးပေးရပါတယ်။ အစပိုင်းအခြေအနေတွေမှာ ဒဏ်ရာက ခရမ်းရောင်ဖြစ်နေတဲ့အခါ အဝါရောင်ကိုသုံးပါ။ နောက်ပိုင်း အနီနဲ့ အညိုရောင် ဖျော့ဖျော့လေး ဖြစ်သွားမယ်ဆိုရင်တော့ အစိမ်းရောင်သုံးပါ။
၃။တို့ဖတ်နဲ့ Brushလေးတွေ အစား လက်ချောင်းလေးတွေ အသုံးပြုပါ။ ညင်ညင်သာသာ လိမ်းချယ်ပေးပါ။

နည်းလမ်း၂။ အိမ်တွင်း ဆေးဝါးများ အသုံးပြုပါ။

အာလူး၊ အေးအောင်လုပ်ထားသော လက်ဖက်ရည်အိတ်များ၊ သခွားသီး အလွှာလေးတွေနဲ့ vaseline တွေလို အိမ်တွင်းဆေးဝါးတွေ အသုံးပြုနိုင်ပါတယ်။ ယင်းအရာတွေကို ဒဏ်ရာသို့ ကပ်ပေးခြင်းအားဖြင့် အထောက်အကူပြု ပေးမှာပါ။

မျက်လုံး အညိုအမဲ တော်တော်များများက သိပ်ပြီးစိုးရိမ်စရာ မရှိပါဘူး။ ဒါပေမဲလည်း အချို့အခြေအနေတွေကတော့ စိုးရိမ်ရပြီး သင့်တော်တဲ့ ကုသမျိုးကို လိုအပ်ကြပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly