ဝါးဖောင်အောက် ဝှက်ပြီးသယ်လာသော ကျွန်းသစ် ၃၃၅ လုံး ပိုင်ရှင်မဲ့ဖမ်းမိ

ဝါးဖောင်အောက် ဝှက်ပြီးသယ်လာသော ကျွန်းသစ် ၃၃၅ လုံး ပိုင်ရှင်မဲ့ဖမ်းမိ
ဓာတ်ပုံ-သစ်တောဦးစီးဌာန
 

ရန်ကုန်၊ အောက်တိုဘာလ ၁၁ ။           ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ရွှေလီမြစ်အတွင်း ဒိုးပင်ကျေးရွာအနီး၌  ဝါးဖောင် အောက်ဘက်တွင် ဝှက်ပြီး တရားမဝင်သယ်လာသော ကျွန်းသစ် ၃၃၅ လုံးအား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ ယနေ့ အောက်တိုဘာလ ၁၁ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့မှ စက်တင်ဘာလ ၈ ရက်နေ့က ကသာမြို့နယ် အတွင်း တရားမဝင်သစ်များအား ရှာဖွေဖမ်းဆီးခြင်းဆောင်ရွက်ခဲ့ရာမှ အဆိုပါ ဝါးဖောင်အောက်ဘက်တွင် တရားမဝင် ဝှက်ပြီး သယ်လာသော ကျွန်းသစ်များကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပူးပေါင်းအဖွဲ့မှ ရွှေလီမြစ်အတွင်း ဒိုးပင်ကျေးရွာအနီးနေရာတွင် ယင်း ဝါးဖောင်ကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အင်းရွာဆိပ်ကမ်းသို့ ဆွဲယူစစ်ဆေးခဲ့ရာ ဝါးဖောင်အောက်တွင် ဝှက်ပြီး သယ်ယူလာသည့် ၃၆ ဒသမ ၆၆၂ တန်ရှိ ကျွန်းသစ် ၃၃၅ လုံးကို ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့သော ကျွန်းသစ်များနှင့် ပတ်သက်ပြီး ဥပဒေနှင့်အညီအရေးယူနိုင်ရန်အတွက် လက်ရှိတွင် ဌာနဆိုင်ရာများမှ ကျွန်းသစ်နှင့် ဆက်စပ်ပတ်သက်သူများကို စုံစမ်းရှာဖွေလျက်ရှိကြောင်း သိရ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly