ပြင်ဦးလွင်တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဆိုင်ခန်းငှားခများ ကျပ်ငါးသောင်းလျော့ပေးမည်

ပြင်ဦးလွင်တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဆိုင်ခန်းငှားခများ ကျပ်ငါးသောင်းလျော့ပေးမည်

နှစ်စဉ် ကျင်းပသည့် ပြင်ဦးလွင်မြို့ မဟာအံ့ထူးကံသာဘုရားကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်တွင် ရောင်းချမည့် ဈေးဆိုင်ခန်းများအား ယခုနှစ်တွင် ကျပ်ငါးသောင်းလျော့၍   ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပြင်ဦးလွင်တန်ဆောင်တိုင် မီးပုံးပျံပွဲတော် ဈေးဆိုင်ခန်း အရောင်းဌာနမှ သိရသည်။

'' ဒီနှစ်ဆိုင်ခန်းတွေက မနှစ်က ဈေးနှုန်းထက် ငါးသောင်း လျော့ပေးထားပါတယ်၊ ဆိုင်ခန်းတွေ အရွယ်အစားအလိုက် ဈေးအမျိုးမျိုးရှိပါတယ်။ ဆိုင်ခန်းဈေးတွေက သုံးသိန်းခွဲ၊ သုံးသိန်း၊ နှစ်သိန်း၊ တစ်သိန်းခွဲ၊ တစ်သိန်း၊ ရှစ်သောင်းရှိတယ်၊ မိန်းလမ်းမ နဲ့ မီးပုံးပျံကွင်း အနီးအဝေးပေါ် မူတည်ပြီး ဈေးရှိတာပါ '' ဟု ပြင်ဦးလွင်တန်ဆောင်တိုင် မီးပုံးပွဲတော် ဈေးဆိုင်ခန်း အရောင်းတာဝန်ခံ ဦးဟိန်းထက်ကျော်စွာက   ပြောသည်။

ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို (၂၀၁၇)ခုနှစ် အောက်တိုဘာ(၃၁)ရက် (တန်ဆောင်မုန်း လဆန်း ၁၂ရက်) မှ နိုဝင်ဘာ(၄)ရက် (တန်ဆောင်မုန်း လဆုတ် ၁ရက်)ထိ ငါးရက်တိုင်တိုင် ကျင်းပမည်ဖြစ်ပြီး ယခုနှစ်တွင် အဝင်မုခ်ဦး နှင့် အထွက်မုခ်ဦး ပြုလုပ်သွားမည်ဖြစ်သည်။

''ဒီနှစ်ကတော့ ဆိုင်ခန်း ၃၀၀ လောက်လုပ်ထားတယ်၊ ဒီကြားထဲမှာ ဆိုင်ခန်းအရေအတွက် အတိုးအလျော့ရှိနိုင်တယ် ပြီးခဲ့တဲ့နှစ်က စားသောက်ဆိုင် နဲ့ တရုတ်အထည်တွေ လာရောင်းတာ များတယ်၊ ဝယ်ယူငှားရမ်းချင်ရင် ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲ ကျင်းပရေး ကွင်းထဲ လာရောက်စုံစမ်းနိုင်ပါတယ် '' ဟု ပြင်ဦးလွင်တန်ဆောင်တိုင် မီးပုံးပွဲတော် ဈေးဆိုင်ခန်း အရောင်းတာဝန်ခံ ဦးဟိန်းထက်ကျော်စွာက   ပြောသည်။

ပြင်ဦးလွင်မြို့ မဟာအံ့ထူးကံသာဘုရားကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်တွင် နေ့ပိုင်း၌ နေ့အရုပ်အလှ မီးပုံးပျံလွှတ်တင်ပူဇော်ခြင်း၊ ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲ၊ ဘော်ဘီဘောပွဲ၊   ခေါင်းအုံးရိုက်ပြိုင်ပွဲ၊   ချောတိုင်တက်ပြိုင်ပွဲ ကျင်းပမည်ဖြစ်ပြီး ညပိုင်း၌ ညမီးကျည်၊ စိန်နားပန်၊ မီးပုံးပျံ လွှတ်တင်ပူဇော်ခြင်းများ ပြုလုပ်သွားမည်ဖြစ်သည်။

(၂၀၁၆)ခုနှစ် ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်တွင် နေ့အရုပ် (၉၇)လုံး၊ ညမီးကျည် (၁၂)လုံး၊ စိန်နားပန် (၂၃)လုံး စုစုပေါင်း (၁၃၂)လုံး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly