ကြက်ဟင်းခါးပင် စိုက်ပျိုးခြင်း အပိုင်း (၂)

.

 

မင်္ဂလာပါခင်ဗျာ။ ကြက်ဟင်းခါးပင် စိုက်ပျိုးခြင်းနဲ့ပတ်သက်ပြီး စိုက်ပျိုးပုံနဲ့ အသီးခူးဆွတ်ချိန်တွေကို အပိုင်း(၁) မှာ တင်ဆက်ခဲ့ပြီး ဖြစ်ပါတယ်။ အခုအပိုင်း (၂) မှာတော့ စနစ်တကျစိုက်ပျိုးနည်းနဲ့ မြေသြဇာတွေ ပိုးမကျအောင် ကာကွယ်တာတွေကို မေးမြန်းတင်ဆက်ပေးသွားမှာပါ။ ဖြေကြားပေးမယ့်သူကတော့ ကြက်ဟင်းခါး စိုက်ခင်းပိုင်ရှင် ကိုနိုင်လင်းဖြစ်ပါတယ်။

"ကြက်ဟင်းခါးပင်ကို စစိုက်ကတည်းက အခုလို အသီးသီးချိန်အထိ ဘာတွေများ လုပ်ပေးရလဲ? ဘယ်လိုစစိုက်ရလဲ ပြောပေးပါဦး။"

"စစိုက်ရင်တော့ ပျိုးထုတ်နဲ့ အစာရယ် မြေဆွေးရယ် ရိုးရိုးမြေကြီးရယ် ထည့်ပြီးတော့ ၁၅ ရက်လောက် ပျိုးခံလိုက်တာပေါ့။ ပြီးတော့မှ မြောင်းဘောင်ဆွဲပြီးတော့ စိုက်ရတာပါ။"

"သြော် .. ဒါဖြင့် အစေ့ကို တိုက်ရိုက်ချတာမဟုတ်ဘဲနဲ့ အစေ့ကို ပျိုးထုတ်ထဲမှာ ထည့်တယ် .. ပျိုးပြီးတော့မှ စိုက်တာပေါ့။ အဲ့လိုစိုက်တဲ့အခါကျတော့ တစ်ပင်နဲ့ တစ်ပင်ကို ဘယ်လောက် ခွာပြီး စိုက်ရလဲ။"

"တစ်ပင်နဲ့ တစ်ပင်ကို ၃ ပေလောက် ခွာပြီး စိုက်ရတာပေါ့။ တစ်တန်းနဲ့ တစ်တန်းကတော့ ၁၅ ပေလောက်ခွာတာပေါ့။"

"စပြီးတော့ စိုက်စိုက်ချင်းမှာကော ဘာတွေ ထည့်ရလဲ မြေသြဇာတွေအနေနဲ့က?"

"မြေသြဇာတွေအနေနဲ့က ဒီမှာ အနက်စေ့ထည့်တယ် .. ကြက်ချေးထည့်တယ်။ အဲ့လိုစိုက်ပြီးရင်တော့ အရင်းတွေကို ကောက်ရိုးအုပ်ရတယ်။ သဲတွေဘာတွေ ကပ်မှာစိုးလို့ပေါ့။"

"ဒီအပင်တွေက နွေမှာ စစိုက်တာလား.. မိုးမှာ စစိုက်တာလားဗျ။ "

"ဒီကောင်က မိုးရွာကာနီး မိုးဦးကျမှာစိုက်တာပေါ့။ နွေမှာလည်း စိုက်လို့ရပါတယ်။ .. ဘာမှသိပ်ထူးထူးခြားခြားမလိုပါဘူး။ ထူးတာကတော့ ရေလေး နည်းနည်း ပိုလောင်းပေးရတယ်။ ဒါပါပဲ။ ရေတောက်လျောက်ပေးရတယ်။ မိုးတွင်းဘက်ကတော့ ရေပေးစရာ မလိုဘူးလေ။"

"အသီးခူးရင်ကော စစိုက်ပြီး ဘယ်နှလလောက်နေရင် အသီးခူးရလဲ။"

"မိုးတွင်းဘက်ကျရင်တော့ ၂ လလောက်ဆိုရင် ခူးလို့ရပြီ။ နွေဘက်ကျတော့ အဲ့ဒီလောက်မလိုဘူး တစ်လခွဲလောက်ဆို ခူးလို့ရပြီ။"

"ဆိုတော့ စစိုက်ပြီးတော့ ခူးပြီပဲထား ခူးချိန်ကကော ဘယ်လောက်ကြာတတ်လဲဗျ။"

"ခူးတာကလည်း ၂ လလောက် ကြာတတ်တယ်။"

"စိုက်ရင်းနဲ့ ကြားထဲမှာကော ၁၀ ရက်တစ်ခါ ၁၅ ရက်တစ်ခါလောက် ဘာတွေ ကျွေးဖို့ လိုသေးလဲဗျ။"

"ပုလဲ နဲ့ အာမိုကိုတော့ ရက်ပတ်လေးနဲ့ ၁၅ ရက် တစ်ပတ်လောက် ပုံမှန်လေး အဲ့တာလေးကို ချိန်ဆပြီးတော့ မြောင်းထဲမှာပဲ အပင်အရေအတွက်နဲ့ ချိန်ဆပြီးတော့ လိုက်ထည့်ပေးရတယ်။ ကြက်ဟင်းခါးပင်က ရောဂါတွေလည်း များတယ်ဗျ။ အပင်ငယ်ငယ်မှာလည်း ပိုးကျတယ်။ မှိုရောဂါတွေ ကျတာပေါ့။ အဲ့တော့ ဖြစ်ချင်ဖြစ် မဖြစ်ချင်နေ .. ဆေးကိုတော့ ရက်ပတ်လေးနဲ့ ဖြန်းပေးရတာပေါ့။ ရောဂါဖြစ်မှ ထဖြန်းရင်တော့ အပင်က သိပ်သက်ဆိုးမရှည်ဘူး။"

"အဲ့တော့ အသီးကျတော့ရော ပိုးထိုးတာတွေ ဘာတွေရှိလား"

"ဖြစ်တယ်. ဖြစ်တယ် . အဲ့တာကြောင့် ၇ ရက် တစ်ပတ်နဲ့သာ ဆေးကိုဖြန်းပေးထားရတာ။ ဖြန်းရင်လည်း လူကိုအန္တာရာယ်မဖြစ်အောင် အဝေးကြီးသွားတဲ့ဟာနဲ့ဖြန်းရတယ်။ အနားလေးမှာ ရေမှုန်နဲ့ ဖြန်းတာက လူကိုအန္တာရာယ်ရှိတာကြောင့် အဝေးကြီးသွားတဲ့ဟာနဲ့ပဲ ဖြန်းတယ်။ အန္တာရာယ်ကင်းတာပေါ့။"

"ဒီမှာစိုက်ထားတာ ဘယ်နှပင်လောက်ရှိလဲဗျ။ သီးနှုန်းထွက်အားကကော ဘယ်လောက်ရှိလဲ။"

"စိုက်ထားတာက အပင်အကုန်လုံးဆို ၃၀၀ ကျော်လောက်ရှိတယ်ဗျ။ သီးနှုန်းထွက်အားကတော့ တကယ်တမ်း လှိုင်လာမယ်ဆိုရင် အလုံး ၅၀၀ - ၆၀၀ လောက် ထွက်တယ်ဗျ။ တစ်ပင်ကို ၂ လုံးနှုန်းနဲ့ ၂ ရက်ခြားလောက် ခူးရတယ်။"

"ဒါဆိုရင် တစ်နေ့ကို တစ်ပင် တစ်လုံးနှုန်းတော့ ခူးလို့ရတာပေါ့။ အပင် ၃၀၀ ဆိုရင် အလုံး ၃၀၀ လောက်ရမှာပေါ့။"

"ဟုတ်ကဲ့ .. လှိုင်တဲ့ ရက်ပေါ့။ စသီးကာစတော့မရဘူး။ အသီးသီးချိန်ဆိုရင်တော့ ရတယ်။"

ဟုတ်ကဲ့ပါ။ စိုက်ပျိုးပျော်ရွှင်သိစေချင် ပရိတ်သတ်များခင်ဗျာ။ ကြက်ဟင်းခါးပင်နဲ့ ပတ်သက်လို့ မေးမြန်းတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ စိုက်ပျိုးရလွယ်ကူပြီး ရိတ်သိမ်းချိန်လည်း မြန်တဲ့ ဆေးဘက်ဝင် ကြက်ဟင်းခါးပင် စိုက်ပျိုးနည်းကို သိလောက်ပြီလို့ ထင်ပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

အပိုင်း( ၁)ကို ကြည့်ရှုရန် - http://mizzimaburmese.com/article/32934