ရခိုင် ပဋိပက္ခအရေး အပစ်ရပ်အဖွဲ့များက သဘောထားထုတ်ပြန်မည်

ရခိုင် ပဋိပက္ခအရေး အပစ်ရပ်အဖွဲ့များက သဘောထားထုတ်ပြန်မည်

ချင်းမိုင်၊ အောက်တိုဘာလ ၁၁ ။         ။ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက်၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းမှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)က သဘောထားတစ်ရပ် ထုတ်ပြန်ရန် စီစဉ်နေသည်ဟု PPST အဖွဲ့ဝင် ဦးခွန်မြင့်ထွန်းက ပြောသည်။

အောက်တိုဘာလ ၉ ရက်နှင့် ၁၀ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပသော PPST အစည်းအဝေးတွင် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)မှ ဒုဥက္ကဌ ခိုင်စိုးနိုင်အောင်က ရခိုင်ပြည်နယ်ဖြစ်ပွားခဲ့သော ပဋိပက္ခများကို တရားဝင် တင်ပြဆွေးနွေးခဲ့သဖြင့် PPST အနေဖြင့်လည်း ပြန်လည် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်၍ သဘောထားထုတ်ပြန်ရန် စီစဉ်ထားသည်ဟု ခွန်မြင့်ထွန်းက အောက်တိုဘာလ ၁၀ ရက်က သတင်းထောက်များကို ပြောဆိုခဲ့သည်။

“ကျနော်တို့ အနေနဲ့တော့ တဖွဲ့ချင်းအနေနဲ့ ကျနော်တို့ သဘောထားတွေ ပြောခွင့် ရှိပေမဲ့ PPST အနေနဲ့ ထုတ်ပြန်ဖို့ကတော့ ကျနော်တို့ PPSTအတွင်းမှာ အကျေအလည် ကျယ်ကျယ်ပြန့်ပြန် ဆွေးနွေး ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်။ အထူးအားဖြင့် ရခိုင် ပြည်လွတ်မြောက်ရေး ပါတီ ဒုဥက္ကဌ ခိုင်စိုးနိုင်အောင် ကနေ စာတမ်းနဲ့ရော နုတ်အားဖြင့်ရော ရခိုင်ပြည်ရဲ့ ကိစ္စကို တရားဝင် တင်ပြပါတယ်။ အဲဒီတင်ပြချက်အပေါ်မှာ ကျနော်တို့ PPSTမှာ အကျေအလည် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြီးတော့မှ သဘောထားတရပ် ထုတ်ပြန်ဖို့တော့ အစီအစဉ် ရှိပါတယ်”ဟု သူက ပြောသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပြဿများသည် ရခိုင်ပြည်နယ်တစ်ခုတည်း အရေးမဟုတ်ပဲ မြန်မာနိုင်ငံတစ်ခုလုံး၏ အရေးဖြစ်၍ ကူညီဖြေရှင်းကြရန်  PPST အစည်းအဝေးတွင် ဆွေးနွေးတင်ပြခဲ့သည်ဟု ALP ဒုဥက္ကဌ ခိုင်စိုးနိုင်အောင်က ပြောသည်။

 “ALPအနေနဲ့ တင်ပြတာက ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့အရေးဟာ ရခိုင်ပြည်နယ်အရေးပဲ မဟုတ်ဘူး။ မြန်မာနိုင်ငံ တခုလုံးအရေး သဘောဆောင်တာကို တင်ပြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ ကြိုးပမ်းနေရတဲ့ ကာလဖြစ်တာကိုး။ အနာဂတ်မှာ ကျနော်တို့က တန်းတူညီမျှမှု ရှိတဲ့ ကိုယ့်ကံကြမ္မာကို ဖန်တီးနေတဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်မယ်ဆိုရင် အဲဒီအဝန်းအဝိုင်းမှာပါတဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပြဿနာဆိုလို့ရှိရင် မြန်မာနိုင်ငံတခုလုံးရဲ့ အရေးအခင်းလို ဆောင်ရွက်ရမယ်။ အရေးတကြီး လုပ်ရမယ်ဆိုတဲ့ ပုံစံမျိုးတင်ပြတာ။ အဲဒါကို ခေါင်းဆောင်တွေက လက်ခံတဲ့သဘောရှိတယ်”ဟု သူက ပြောသည်။

ရခိုင်ပြည်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော ပဋိပက္ခကို ရေရှည် အချက်အလက်များ စုဆောင်း၍ အချိန်ယူ ဖြေရှင်းသွားရမည် ဖြစ်သည်ဟု သူက ပြောဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၅ ရက်နေ့မှစတင်၍ ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်များရှိ အစိုးရ လုံခြုံရေးတပ်စခန်းများကို ARSA အကြမ်းဖက်အဖွဲ့က စတင်တိုက်ခိုက်ခဲ့ပြီး အရပ်သားများနှင့် အစိုးရဝန်ထမ်းများ သေဆုံးခဲ့သည်။ယင်းနောက် တပ်မတော်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာ ဘင်္ဂါလီ လေးသိန်းကျော် မြန်မာနိုင်ငံအတွင်းမှ ထွက်ပြေးသွားသည်ဟု ကုလသမဂ္ဂက သတင်းထုပ်ပြန်ထားသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ပြဿနာများကြောင့် အစိုးရအနေဖြင့် အခက်အခဲ အကြပ် အတည်းများနှင့် ဆောင်ရွက်နေရပြီး တတိယအကြိမ် ပင်လုံ ညီလာခံ ကျင်းပရန်အတွက် NCA တွင် လက်မှတ် မရေး ထိုးသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအားလုံး ပါဝင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများ ရှိနေသဖြင့် လက်ရှိ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုအပေါ် စိတ်ရှည်ရန် လိုအပ်ကြောင်း ခွန်မြင့်ထွန်းက ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly