မက္ကစီကို၌ ဖြစ်ပွားခဲ့သည့် ထောင်ဆူပူမှုကြောင့် ၁၃ဦးထက်မနည်းသေဆုံးပြီး ၈ဦးဒဏ်ရာရရှိ

မက္ကစီကို၌ ဖြစ်ပွားခဲ့သည့် ထောင်ဆူပူမှုကြောင့် ၁၃ဦးထက်မနည်းသေဆုံးပြီး ၈ဦးဒဏ်ရာရရှိ

 

မွန်တာရေး၊ မက္ကစီကို၊ အောက်တိုဘာ ၁၁ ။                 ။ မက္ကစီကိုနိုင်ငံမြောက်ပိုင်း နွီဗိုလီယွန်ပြည်နယ်ရှိ ကာဒါရေတာအကျဉ်းထောင်၌ ထောင်ဆူပူမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၁၃ ဦးခန့်သေဆုံးကာ ၈ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်လုံခြုံရေးတာဝန်ခံတစ်ဦးဖြစ်သူ အယ်လ်ဒိုဖက်စ်စီက ပြောခဲ့သည်။

Gulf Cartel မူးယစ်ဂိုဏ်းအဖွဲ့ဝင် အကျဉ်းသားများသည် သူတို့၏ပြိုင်ဘက်ဂိုဏ်း Los Zetas မှ အဖွဲ့သားတစ်ဦး ဖြစ်သော ထောင်ဝါဒါ အက်ဒ်ဂါဒိုအက်ဂွီလာအာနန်ဒါအား မနက်ဝေလီဝေလင်းအချိန်၌ ဆန့်ကျင်ဆန္ဒပြကြရာမှ ထောင်ဆူပူမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“နှစ်ဖက်အုပ်စုကခေါင်းဆောင်များဟာ သူတိုရဲ့အကျဉ်းခန်းအတွင်းကို ပြန်ဝင်ဖို့ နောက်ဆုံးမှာ သဘောတူခဲ့ကြ ပါတယ်” ဟု နွီဗိုလီယွန်ပြည်နယ်အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောခဲ့သည်။

မနက် ၇ နာရီဝန်းကျင်တွင် အကျဉ်းသားများသည် ထောင်တွင်းရှိ သူတို့နေထိုင်ရာအဆောင်၌ အမှိုက်များ၊ မွေ့ယာများကို မီးရှို့ဖျက်စီးကာ ဆူပူအုံကြွခဲ့ကြသည်။ ဒါ့အပြင် ထောင်ဝါဒါအက်ဂွီလာအာနန်ဒါကို မကျေနပ် ကြောင်း ပြသသည့်အနေဖြင့် ခေါင်မိုးများပေါ်သို့ တက်ကာ ဆန္ဒပြခဲ့ကြောင်း သိရသည်။

အာဏာပိုင်များသည် ထောင်လုံခြုံရေးအဖွဲ့ကို တပ်ကူဖြည့်သည့်အနေဖြင့် ရဲအင်အား ၆၀ ခန့်ကိုစေလွှတ်ခဲ့ပြီး ထောင်ပတ်ဝန်းကျင်၌ ရဟတ်ယာဉ်များကို ဝဲပျံစေကာ အကျဉ်းသားများအား   ခေါင်မိုးပေါ်မှဆင်းရန်ညွန်ကြားခဲ့ ပြီး စေ့စပ်ညှိုနှိုင်းရန်တောင်းဆိုခဲ့သည်။

ပြည်နယ်အစိုးရအဖွဲ့မှ အတွင်းရေးမှူးဖြစ်သူ မန်နျူရယ်ဂွန်ဇာလက်သည် အခင်းဖြစ်ပွားရာအကျဉ်းထောင်သို့ ရောက်ရှိလာခဲ့ပြီး အကျဉ်းသားများနှင့် ညှိုနှိုင်းမှုပြုလုပ်ခဲ့သည်။

ကာဒါရေတာအကျဉ်းထောင်သည် ထောင်ဆူပူမှုမကြာခဏဖြစ်ပွားလေ့ရှိသော အကျဉ်းထောင်တစ်ခုဖြစ်ပြီး လွန်ခဲ့သောမတ်လကလည်း အကျဉ်းသားများကြား ခိုက်ရန်ဖြစ်ပွားခဲ့သောကြောင့် ၅ ဦးသေဆုံးခဲ့ပြီး ၂၀ ခန့် ဒဏ်ရာရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required