ရေတိုက်စားမှုကြောင့် ပေါ်ထွက်လာသော ကလေးမြို့နယ်မှ ရှေးဟောင်းအုတ်ရိုးတန်းကို တူးဖော်လေ့လာသွားမည်

ရေတိုက်စားမှုကြောင့် ပေါ်ထွက်လာသော ကလေးမြို့နယ်မှ ရှေးဟောင်းအုတ်ရိုးတန်းကို တူးဖော်လေ့လာသွားမည်
(ဓာတ်ပုံ - MOI)

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် တောင်ဦးကျေးရွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း မိုးရွာသွန်းမှု များပြားခဲ့တာကြောင့် မြစ်သာမြစ်ရေ တိုက်စားကာ စက်တင်ဘာ ၁၃ ရက်က ကမ်းပြိုကျရာမှ ရှေးဟောင်းအုတ်ရိုး တန်းတစ်ခု ပေါ်ထွက်လာခဲ့ပါတယ်။ အဆိုပါ ရှေးဟောင်းအုတ်ရိုးတန်းကို သက်ဆိုင် ရာအဖွဲ့အစည်းများနှင့် သုတေသနပညာ ရှင်များပူးပေါင်းကာ စနစ်တကျတူးဖော် လေ့လာမှုများ ပြုလုပ်သွားမှာဖြစ်ကြောင်း ကလေးတက္ကသိုလ် သမိုင်းဌာနမှ သိရပါတယ်။

မြစ်သာမြစ်ကမ်းနံဘေးမှာ ပေါ်နေတဲ့ အုတ်ရိုးတန်းမှာ အလျားပေ ၃ဝ ခန့်၊ အနံ ၅ ပေခွဲခန့်ရှိပြီး အုတ်ရိုးမှာ စီထားတဲ့ အုတ်တစ်ချပ်လျှင် အလျား ၁၅ လက်မ၊ အနံ ၇ လက်မရှိကြောင်း သိရပါတယ်။ 

ကလေးတက္ကသိုလ် သမိုင်းဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာတင် မောင်ထွေးက လက်ရှိမှာ မိုးတွင်း ကာလဖြစ်တာကြောင့် တူးဖော်ရန် အခက်အခဲများရှိနေကာ မိမိတို့ဘာသာ ဆက်လက် တူးဖော်မည်ဆိုပါကလည်း ရှေးဟောင်းပစ္စည်းများကို ထိခိုက်ကျိုး ပြတ်စေမှာကို စိုးရိမတာကြောင့် ကျွမ်းကျင်ပညာရှင်များကို ဆက်သွယ် အကူအညီတောင်းခံပြီး တဖြည်းဖြည်းချင်း ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောပါတယ်။

အခုလို ရေတိုက်စားမှုကြောင့် ပေါ်လာတဲ့ တောင်ဦးကျေးရွာမှ အုတ်ရိုးတန်းကို ကလေးတက္ကသိုလ် သမိုင်းဌာနမှ သမိုင်းပါမောက္ခနှင့် ကလေးမြို့ ရှေးဟောင်းအမွေအနှစ် လေ့လာရေးအဖွဲ့တို့က ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။ 

အုတ်ရိုး အနီးမှာ တွေ့ရှိရတဲ့ ရေသွန်ခရား နှုတ်ခမ်းများနှင့် အိုးပဲ့ အပိုင်းအစများကို လေ့လာကြည့်ခြင်းအားဖြင့် ပုဂံခေတ် လွန်ပိုင်း၊ အင်းဝခေတ်လို့ ယူဆရတဲ့အတွက် လွန်ခဲ့သော ရှေးနှစ်ပေါင်း ၇ဝဝ နှင့် နှစ်ပေါင်း ၁ဝဝဝ အကြားမှာ တည် ဆောက်ခဲ့တဲ့ ဘုရားစေတီတစ်ဆူရဲ့ အောက်ခြေ အုတ်ဖိနပ်တော် (သို့မဟုတ်) အုတ်တံတိုင်းတစ်ခုဖြစ်မယ်လို့ သုံးသပ်ခန့်မှန်းခဲ့ကြကြောင်း သိရပါတယ်။

အလားတူ ကလေးမြို့နယ် စခန်းကြီးကျေးရွာအနီး နေရဉ္စရာမြစ်ကမ်းပါးမှာလည်း ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ် နှစ်လယ်ပိုင်းက အမြင့် ၄ ပေ၊ အလျားပေ ၁ဝဝ ခန့်ရှိ ရှေးဟောင်းအုတ်ရိုးတစ်ခု ပေါ်ပေါက်ခဲ့ဖူးကာ ပညာရှင်များရဲ့ လေ့လာ သုံးသပ်ချက်များအရ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁ဝဝဝ ကျော်ခန့် ပုဂံခေတ်က တည်ဆောက်ခဲ့တယ်လို့ ယူဆကြပါတယ်။ 

အဆိုပါ စခန်းကြီးကျေးရွာ အုတ်ရိုးမှာ ထိန်းသိမ်းမှုမပြုလုပ်နိုင်ခဲ့တဲ့အတွက် ယခုနှစ် မိုးရာသီကာလ ချောင်းရေများ တဲ့အချိန်အတွင်းက အားလုံးနီးပါး ချောင်းအတွင်းပြိုကျသွားကာ ပျောက်ပျက်ကုန်ပြီဖြစ်ကြောင်း ဒေသခံများရဲ့ ပြောဆိုချက်အရ သိရပါတယ်။

Source & Photo: MOI Webportal Myanmar

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required