စားသုံးသူတိုင်ကြားရေး ရုံး သို့ ပြည်သူများ ပိုမိုတိုင်ကြားကြရန် တိုက်တွန်း

စားသုံးသူတိုင်ကြားရေး ရုံး သို့ ပြည်သူများ ပိုမိုတိုင်ကြားကြရန် တိုက်တွန်း

အောက်တိုဘာ ၁၀ မန္တလေး ။            ။ စားသုံးသူများအနေဖြင့် ဝယ်ယူအသုံးပြုမှု၊ စားသုံးကြရာတွင် ကျေနပ်မှုမရှိပါက အလွယ်တကူ တိုင်ကြားနိုင်ရန်အတွက် စားသုံးသူတိုင်ကြားမှု လက်ခံဆောင်ရွက်ရေး  ရုံးခန်းကို မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၃၅လမ်းနှင့် ၆၅ လမ်းထောင့်တွင် ဖွင့်လှစ်ထားကြောင်း မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဦးကပြောသည်။

စားသုံးသူ အခွင့်အရေးဆုံးရှုံးသည့် ပြည်သူများ ပိုမိုတိုင်ကြားကြရန်လည်း ၎င်းက တိုက်တွန်းထားသည်။

"စားသုံးသူတွေအနေနဲ့ သူတို့အခွင့်အရေးတွေ သိဖို့လိုပါတယ်။ အဲဒီလိုသိဖို့အတွက်လည်း အသိပညာပေးဟောပြောမှုတွေ လုပ်နေပါတယ်။ အခွင့်အရေးဆုံးရှုံးနေပြီဆို ကျွန်တော်တို့ဒီရုံးမှာ လာရောက်တိုင်ကြားလို့ ရပါတယ်"ဟု ဦးကျော်ဦးက ပြောသည်။

ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုနှင့် ပတ်သက်၍ စားသုံးသူအနေဖြင့် ဆုံးရှုံးနစ်နာမှုများရှိလာပါက တိုင်ကြားမှုများပြုလုပ်နိုင်ပြီး တိုင်ကြားလိုက်သည်နှင့် သက်ဆိုင်ရာနယ်မြေအလိုက် မြေပြင်ကွင်းဆင်းစစ်ဆေး၊ အရေးယူမှုများ လုပ်ဆောင်လျှက်ရှိကြောင်းလည်း သိရသည်။

"လူသုံးကုန်ပစ္စည်းတွေဖြစ်တဲ့ လျှပ်စစ်ဒယ်အိုးတို့ ဘာတို့ဆို အာမခံတွေနဲ့ ရောင်းကြတယ်။ ခြောက်လအတွင်း ပျက်ရင် အသစ်တစ်လုံးလဲပေးမယ်ပေါ့။ တကယ်ပျက်လို့သွားတော့ အသစ်တစ်လုံး သွားလဲတော့မရဘူး။ ပြင်ပဲပေးတယ်။ အဲလိုဖြစ်လို့ ဒီကိုလာတိုင်ရင် ဖြေရှင်းပေးတယ်။ အဆင်ပြေသွားကြတယ်။ အမှန်လည်းသူတို့က ခြောက်လအတွင်းပျက်ရင် အသစ်လဲပေးမယ်ဆိုပြီး ဘောင်ချာမှာလည်း ပါတယ်။ အဲလိုတွေဆို ဆိုင်ရှင်ကိုခေါ်ပြီး အသစ်လဲခိုင်းပေးတယ်။ နောက်မလုပ်ဖို့ပြောရတယ်။ ဖုန်းကိစ္စတွေလည်း ပါတယ်။ ကိုယ်ဆုံးရှုံးတဲ့ အခွင့်အရေးသိဖို့ပဲ လိုတယ်။ သိရင်တိုင်ရမယ်"ဟု ဦးကျော်ဦးက ပြောသည်။

အဆိုပါရုံးကို ၂၀၁၇ခုနှစ်၊ မေလက စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့အချိန်ထိ တိုင်ကြားမှု ၁၃မှုရှိရာ ယာယီလုပ်ငန်းပိတ်သိမ်းမှု ၅မှု၊ သတိပေးဖြေရှင်း ၁ မှု၊ ဒဏ်ငွေနှင့်ထောင်ဒဏ် ၁၅ ရက် ပြစ်ဒဏ်ပေးမှုတို့ကို ဆောင်ရွက်နိုင်ခဲ့သည်။ ကျန်ရှိသည့် အမှုများကိုလည်း ညှိုနှိုင်းဆောင်ရွက်နေကြောင်း သိရသည်။

"အစားအသောက်နဲ့ ပတ်သက်တဲ့အမှုတွေလည်း ပါတယ်။ သောက်ရေသန့်အမှုပါတယ်။ ခုနကပြောတဲ့ လူသုံးကုန်အမှုတွေလည်းပါတယ်။ နာမည်တွေနဲ့အသေစိတ်တော့ မပြောတော့ဘူး။ များများ တိုင်ကြားစေချင်တယ်။ ကျွန်တော်တို့လည်း စီမံချက်တွေရေးဆွဲပြီး စစ်ဆေးနေတယ်"ဟု ဦးကျော်ဦးက ပြောသည်။

စားသုံးသူအခွင့်အရေး ဆုံးရှုံးမှုဖြစ်ပေါ်လာပါက စားသုံးသူတိုင်ကြားမှုလက်ခံဆောင်ရွက်ရေး ရုံးခန်းသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းနံပါတ် ၀၂-၃၆၃၃၉နှင့် ၀၂-၃၆၃၄၀ သို့ ဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly