အဆီဝက်ခြံ တွေကိုဘယ်လိုကုသမလဲ

အဆီဝက်ခြံ တွေကိုဘယ်လိုကုသမလဲ

ရေးသားသူ Wathun Myat Chal
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

အဆီဝက်ခြံတွေကိုဘယ်လိုကုသမလဲ။

သင်က ဝက်ခြံပေါက်လွယ်သူဖြစ်စေ မပေါက်တတ်သူဖြစ်စေ အဆီဝက်ခြံတွေကိုတော့ လုံးဝရှောင်လွှဲလို့မရပါဘူး။ ဒါပေမဲ့ သင့်အသားအရေအတွက် အကောင်းဆုံး ဖြစ်မယ့်အရာတွေကိုလုပ်ရင်း ဒီအဖုတွေပေါ်လာတာ လျော့နည်းသွားအောင်တော့ လုပ်လို့ရပါတယ်။

ဝက်ခြံအမျိုးအစားအားလုံးအတွက် ပထမဆုံးလုပ်ရမယ့် အလုပ်ကတော့ဆေးစာမလိုဘဲ အပြင်မှာဝယ်လို့ရတဲ့ပစ္စည်းတွေနဲ့ ယေဘုယျ အသားအရေထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာ အချက်အလက်တွေဖြစ်ပါတယ်။

  •  နေ့စဉ် အသားအရေထိန်းသိမ်းမှု လုပ်ငန်းစဉ်တွေကို တတ်နိုင်သမျှ ရိုးရိုးရှင်းရှင်းဖြစ်စေပြီး အချိန်မှန်မှန်လုပ်ပေးပါ။
  • နူးညံ့ပြီးထိရောက်မှုရှိတဲ့ ရေမှာပျော်ဝင်နိုင်တဲ့ မျက်နှာသစ်ဆေးကို တစ်ရက်နှစ်ခါအသုံးပြုပါ။ (ခြောက်သွေ့ကြမ်းတမ်းတဲ့ မျက်နှာသစ်ဆေးကအခြေအနေတွေကိုပိုဆိုးစေပါတယ်)
  • ဆပ်ပြာတုံးတွေကိုရှောင်ပါ။ (ဆပ်ပြာကိုအတုံးပုံစံဖြစ်စေတဲ့ ပစ္စည်းကချွေးပေါက်တွေပိတ်စေပါတယ်)
  • Salicylic acid ကိုအခြေခံထားတဲ့ ချေးချွတ်ဆေးနဲ့ တစ်ရက် ၂ကြိမ်ချေးချွတ်ပါ။ ( ရောင်ရမ်းနီရဲခြင်းကို လျှော့ချပေးနိုင်ဖို့၊ ချွေးပေါက်ထဲက ဘက်တီးရီးယားတွေကို လျှော့ချပေးနိုင်ဖို့နဲ့ အဆီတွေကောင်းစွာစီးဆင်းနိုင်ဖို့ အပေါ်ယံရော ချွေးပေါက်အတွင်းပိုင်းပါ ချေးချွတ်ပေးပါ။)
  •  ချွေးပေါက်ထဲက ဘက်တီးရီးယားတွေ သေစေဖို့အတွက် benzoyl peroxide ကိုသုံးပါ။ (menthol သို့မဟုတ် alcohol တွေဟာ နီရဲရောင်ရမ်းခြင်းကို ပိုဆိုးစေတာမို့ ဒီပစ္စည်းတွေမပါတာကိုရွေးချယ်ပါ)
  •  ဘယ်လိုဝက်ခြံမျိုးဖြစ်ဖြစ်ပေါက်နေတဲ့နေရာတစ်ဝိုက်ကို စေးပျစ်တဲ့ Moisturizer (အစိုဓာတ်ထိန်းလိမ်းဆေး)တွေကိုမသုံးပါနဲ့။ အထူးသဖြင့် ခရင်မ်ပုံစံမျိုးပေါ့။ ဒါတွေကချွေးပေါက်တွေကိုပိတ်စေတယ်လေ။ ဂျယ်လ် သို့မဟုတ် လိုးရှင်းလိုပုံစံမျိုး ပေါ့ပါးသွက်လက်တာမျိုး ကိုသာသုံးကြည့်ပါ။

အဆီဝက်ခြံဖြစ်နေတဲ့ လူအချို့အတွက်ကတော့ ရိုးရာဆေးနည်းတွေက အကူအညီဖြစ်စေမှာပါ။ များသောအားဖြင့်တော့ အလုပ်ဖြစ်မယ် မထင်ပါဘူး။ ဆေးစာမလိုဘဲ အပြင်မှာဝယ်လို့ရတဲ့   ဆေးနည်းတွေနဲ့  နေ့တိုင်းကုသနေတာ လေးပတ်လောက်ကြာလို့တောင် အလုပ်မဖြစ်ဘူး ဆိုရင် သင်လုပ်ရမှာကတော့ အရေပြားအထူးကုနဲ့သွားပြတာပါပဲ။ အရေပြားအထူးကု လုပ်ပေးနိုင်တဲ့ ကုသမှုတွေကိုတော့ ဘေးထွက် ဆိုးကျိုးအနည်းအများပေါ်မူတည် အောက်မှာအစဉ်လိုက် ဖော်ပြထားပေးပါတယ်။

Photodynamic Therapy (PDT) : နောက်ဆုံးလေ့လာတွေ့ရှိချက်တွေအရဆိုရင်တော့ PDT treatment ကိုတောက်လျှောက်ကုသမှု ခံယူပြီးရင်တော့ အဆီဝက်ခြံတွေပျောက်ကွယ်သွားနိုင်တယ်လို့ အာမခံချက်ပေးထားနိုင်တာကိုတွေ့ရမှာပါ။ PDT ကုသမှုဆိုတာ အလင်းအာရုံခံခရင်မ်တွေလိမ်းပေးပြီးထိန်းချုပ်ထားတဲ့ အပြာရောင် သို့မဟုတ် အနီရောင် LED အလင်းတန်းတွေနဲ့ ထပ်ခါထပ်ခါ ထိတွေ့စေခြင်းပါ။ ဒီနည်းလမ်းနဲ့ကုသမယ်ဆိုရင် အရေပြားအထူးကုဆီမကြာခဏသွားရပြီးလအနည်းငယ်လောက်ကြာနိုင်ပါတယ်။ ဈေးကလည်း ကြီးတာပေါ့။ ဒီလိုနဲ့ လအနည်းငယ်ကြာ ကုသပြိးပြီဆိုရင် ဒီကုသမှုဟာအဆီဂလင်းတွေကိုသေးငယ်သွားစေပြိး (ကြုံ့သွားစေပြီး) ချွေးပေါက်ထဲမှာရှိတဲ့ ဘက်တီးရီးယားတွေကို သတ်ပေးနိုင်တယ်ဆိုတာ   သေချာပေါက် သိနိုင်ပါပြီ။ ဒါတွေအားလုံးကအဆီဝက်ခြံတွေ ထွက်ပေါ်လာတာကိုလျှော့ချပေးနိုင်တယ်လေ။

ပဋိဇီဝသောက်ဆေးများ : ဒီဝက်ခြံအမျိုးအစားအတွက် ပဋိဇီဝသောက်ဆေးတွေ အမျိုးမျိုးရှိပါတယ်။ အားလုံးကတော့ အရေပြားအထူးကုနဲ့ တိုင်ပင်ပြီးမှ သောက်သင့်တာအပြင် ဆရာဝန်ညွှန်ကြားချက်အတိုင်းယာယီသာသောက်သုံးသင့်တဲ့ဆေးမျိုးတွေပါ။ (ကာလကြာရှည် စွဲမသောက်သင့်ပါ။) ေဘေးထွက်ဆိုးကျိုးတွေကတော့ မူးဝေ၊ ခေါင်းကိုက်၊ ပျို့အန်၊ အင်ပြင်ထခြင်း၊ နဲ့ ဝမ်းပျက်၊ဗိုက်အောင့် ဗိုက်နာခြင်းစတဲ့ အစာအိမ်အူလမ်းကြောင်းဆိုင်ရာပြဿနာတွေဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ဒါတွေကအကုန်မဟုတ်သေးပါဘူး။ ဝက်ခြံထိန်းချုပ်ဖို့အတွက် ဆာလဖာပါဝင်တဲ့ ပဋိဇီဝဆေးတွေ သုံးစွဲမှုများလာခြင်းဟာအသုံးများတဲ့ tetracycline လိုဆေးတွေကိုဘက်တီးရီးယားတွေခုခံနိုင်မှု မြင့်တက်လာလို့ပါ။ ပဋိဇီဝသောက်ဆေးတွေကို ဝက်ခြံပျောက်စေတဲ့ ဆေးပစ္စည်းတွေနဲ့ တွဲသုံးသင့်ပါတယ်။

ဟော်မုန်းဆိုင်ရာကုသခြင်းနည်း: အမျိုးသမီးအချို့မှာ androgens (အမျိုးသားဆန်ခြင်းကိုဖြစ်စေသောဟော်မုန်း) လိုတာထက် ပိုပြီးထုတ်ပေးနေခြင်းဟာအဆီဝက်ခြံဖြစ်စေတဲ့ အဓိကတရားခံပါ။ androgens ထုတ်ပေးတာကို ရပ်တန့်ပေးနိုင်တဲ့ ဆေးတွေဟာ ဒီပြဿနာအတွက် အကောင်းဆုံး ဖြေရှင်းနိုင်တဲ့ နည်းလမ်းတစ်ခုပါ။ မကောင်းတဲ့အချက်ကတော့ ဒီဆေးတွေက ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်တာပါ။ ဒါကြောင့်လည်း ဒီဆေးတွေ အသုံးပြုတော့မယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဖို့လိုအပ်တာပေါ့။ ဘေးထွက်ဆိုးကျိုးတွေကို ေ လျှာ့ချဖို့ spironolactone ကဲ့သို့သော androgen ဟော်မုန်းကို ဆန့်ကျင်တဲ့ဆေးတွေကို ပမာဏအနည်းငယ်သာ အသုံးပြုသင့်ပါတယ်လို့ ယေဘုယျအားဖြင့်ညွှန်ကြားထားပါတယ်။

Isotretinoin : Isotretinoin (အရင်ကတော့ Accutane လို့ခေါ်ပါတယ်) ဆိုတာ အဆီဂလင်းတွေကို တိုက်ရိုက်ပုံသဏ္ဍာန်ပြောင်းလဲစေပြီး အဆီစီးဆင်းမှုကိုရပ်တန့်စေတဲ့ သောက်ဆေးပါ။ ရလဒ်တွေကို ချက်ချင်းရနိုင်သလို ကြာလည်းကြာနိုင်ပါတယ်။ ကံမကောင်းစွာနဲ့ Isotretinoinဟာ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိတာကြောင့် ဂရုစိုက်ပြီးသောက်သုံးရမှာပါ။ ကိုယ်ဝန်ရှိနေရင် သန္ဓေသားကို ထိခိုက်နိုင်ပြီး အသားအရည် အလွန်အမင်းခြောက်သွေ့ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ အသည်းလုပ်ဆောင်မှုပြဿနာများနဲ့ ေ ခါင်းကိုက်ခြင်းတွေဟာ သတိထားပြင်ဆင်ထားရမယ့် သတိပေးချက်အချို့ပါ။ ဒီအချက်တွေကို ထည့်မတွက်ဘူးဆိုရင်တော့ isotretinoin ဟာ အဆီဝက်ခြံတွေကို အမြဲတမ်း ပျောက်ကင်းသွားအောင် ကုသနိုင်မယ့် အလားအလာရှိတဲ့ တစ်ခုတည်းသောနည်းလမ်းပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required